ကျောက်တော်မြို့ရှိ ခမရ ၅၃၉ တပ်ရင်း လက်နက်ချ အညံ့ခံ

ကျောက်တော်မြို့ရှိ ခမရ ၅၃၉ တပ်ရင်း လက်နက်ချ အညံ့ခံ
ဇန်နဝါရီ 16, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ စစ်ကောင်စီတပ် ခမရ(၅၃၉)မှ တပ်ရင်းမှူးအပါအဝင် အင်အား(၃၀၀)ဝန်းကျင် ရက္ခိုင့်တပ်တော်(AA)ထံ ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ချအညံ့ခံကြောင်း ဒေသခံများထံမှ သိရသည်။

ခမရ (၅၃၉) တစ်ရင်းတစ်ရင်းလုံးသည် အလံဖြူထောင်ကာ ရက္ခိုင့်တပ်တော်(AA)ထံ လက်နက်ချခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများကို ကြိုးတုပ်ပြီး မိသားစုဝင်များကိုလည်း AAက ကောင်းမွန်စွာ ခေါ်ဆောင်သွားသည်ကို တွေ့ရသည်ဟု ဒေသခံများက ဆိုသည်။

"AAက တိုက်တော့ စစ်ကောင်စီတပ်သားတွေက မပစ်ပါနဲ့ပြောပြီး အလံဖြူထောင် လက်နက်ချကြတာ။ တပ်ရင်းမှူးလည်းပါတယ်လို့ သိရတယ်။"ဟု ‌ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

AAသည် ပြီးခဲ့သည့် ဇန်နဝါရီလ (၁၁)ရက်နေ့က စတင်ပြီး ခမရ (၅၃၉)တပ်ရင်းနှင့် အမှတ် (၃၇၇)အမြောက်တပ်ရင်းတို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ဇန်နဝါရီလ (၁၄)ရက်နေ့တွင် အမှတ်(၃၇၇) အမြောက်တပ်ရင်းအား သိမ်းပိုက်ခဲ့သည်။

ရက္ခိုင့်တပ်တော်(AA)သည် ယနေ့တွင် မင်းပြားမြို့ ကျိန်းတောင်ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးကုန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံများကပြောသည်။

#TachileikNewsAgency