စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန MFTB၊ MICBဘဏ်တို့ကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန MFTB၊ MICBဘဏ်တို့ကို အမေရိကန် ပိတ်ဆို့အရေးယူ
ဇွန် 22, 2023 | 2021 Military Coup

အာဏာသိမ်းစစ်ကောင်စီ၏ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက မနေ့က ၂၀၂၃ခုနှစ် ဇွန်လ(၂၁)နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။



အဆိုပါဘဏ်များသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကဲ့သို့ စစ်ကောင်စီကို ဝင်ငွေရှာဖွေရာတွင် အဓိကကျသည့်အပြင် စစ်ကောင်စီတပ်၏ နိုင်ငံတကာနှင့် ကုန်သွယ်မှုတွင် ဘဏ္ဍာရေးဝန်ဆောင်မှုပေးနေပြီး နိုင်ငံခြားငွေဖလှယ်ခြင်း၊ ငွေလက်ခံရယူခြင်းနှင့် လက်နက်များဝယ်ယူရာတွင် အဓိကအသုံးပြုနေကြောင်း ကြေညာချက်တွင်ပါရှိသည်။



စစ်ကောင်စီတပ်၏ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖိနှိပ်ချုပ်ချယ်မှုများ၊ ကာကွယ်ရေး ဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ(၁)ဘီလီယံတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းများနှင့် လက်နက်စ္စည်းများကို ရုရှားထံမှ တင်သွင်းခဲ့ခြင်း၊ ယင်းလက်နက်များဖြင့် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ခြင်းတို့ကြောင့် ပိတ်ဆို့အရေးယူခြင်းဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။



#TachileikNewsAgency