အင်းစိန်ထောင်အနီး ဗုံးပေါက်၊ စစ်ကောင်စီတပ်က လမ်းပိတ်စစ်ဆေး

အင်းစိန်ထောင်အနီး ဗုံးပေါက်၊ စစ်ကောင်စီတပ်က လမ်းပိတ်စစ်ဆေး

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်အနီးတွင် ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်က လမ်းပိတ်စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

အင်းစိန်ထောင် မျက်နှာချင်းဆိုင်တွင် ယနေ့နေ့လယ် (၁)နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရပ်ထားသည့်ကားနှစ်စီး ပျက်စီးမှုရှိကာ လူထိခိုက်မှုရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးဟု ဒေသခံများက ပြောသည်။

"ထောင်ရှေ့နားတင်ပေါက်တာ။ ကားနှစ်စီးထိတယ်။ ဘာလို့ဖောက်ခွဲတာလဲ မသိသေးဘူး။ စစ်ကောင်စီတပ်ကတော့ လမ်းပိတ်စစ်ဆေးနေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် အင်းစိန်ထောင်ရှေ့ကို လမ်းများပိတ်ထားပြီး လှိုင်သာယာတံတား၊ ဘုရင့်နောင်လမ်း၊ အင်းစိန်ပန်းခြံလမ်းတို့တွင် စစ်ဆေးရေးများ လုပ်ဆောင်နေသဖြင့် ကားလမ်းများ ပိတ်နေကြောင်း သိရသည်။

အဆိုပါဖောက်ခွဲမှုကို မည်သည့်အဖွဲ့ကလုပ်ဆောင်ကြောင်း မသိရသေးပါ။

၂၀၂၃ ခုနှစ် မတ်လတွင်လည်း အင်းစိန်အကျဉ်းထောင်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာကလည်း အင်းစိန်ထောင် အဝင်အထွက်ပေါက် ထောင်ဝင်စာပါဆယ်ပို့သည့်နေရာ ဗုံး‌ပေါက်ပြီး သေဆုံးသူရှိခဲ့သည်။

#TachileikNewsAgency