ရေဦးမြို့နယ်အတွင်း ရွာမိဿရွာတိုက်ပွဲတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်အလောင်းများ ကောက်ရိုးပုံများကြား ဖြစ်သလို သင်္ဂြိုဟ်သွား

ရေဦးမြို့နယ်အတွင်း ရွာမိဿရွာတိုက်ပွဲတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်အလောင်းများ ကောက်ရိုးပုံများကြား ဖြစ်သလို သင်္ဂြိုဟ်သွား

 စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရွာမိဿရွာအနီးဖြစ်ပွားသည့် တိုက်ပွဲတွင် သေဆုံးသည့် အာဏာသိမ်း စစ်ကောင်စီတပ်၏ တပ်ဖွဲ့ဝင်(၄)ဦး၏ ရုပ်အလောင်းများကို ကောက်ရိုးပုံများကြား ဖြစ်သလို သင်္ဂြိုဟ်သွားကြောင်း သိရသည်။

ရွာများကို မီးပတ်ရှို့နေသည့် စစ်ကောင်စီတပ်၏ အမှတ်(၃၆၄)ခြေမြန်တပ်ရင်း နှင့်  ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ အင်အား(၁၀၀)ခန့်ကို ရေဦးမြို့နယ်၊ ရွာမိဿရွာအနီးတွင် ရွှေဘိုခရိုင် PDF တပ်ရင်း (၉)က ၂၀၂၂ခုနှစ်  ဒီဇင်ဘာလ(၁၃)ရက်နေ့၌ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က (၄)ဦး သေဆုံးခဲ့သလို (၁၀)ဦးအထက်မနည်း ဒဏ်ရာများရရှိသွားကြောင်း နှင့်  ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း တပ်ဖွဲ့(၄)ဦး ကျဆုံးခဲ့ရကြောင်း  ရွှေဘိုခရိုင် တပ်ရင်း (၉)က သတင်းထုတ်ပြန်ထားသည်။ 

စစ်ကောင်စီဘက်မှ သေဆုံးရုပ်အလောင်းများကို ကျေးရွာအနီး ကောက်ရိုးပုံများကြားတွင် ဖြစ်သလို သင်္ဂြိုဟ်သွားခဲ့သည်ကို PDF များ နယ်မြေရှင်းလင်းစဉ် မြင်တွေ့ခဲ့ရကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။ 

ယင်းတိုက်ပွဲတွင် PDF များဘက်မှ လက်နက်နှင့်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

ရွာစဉ်ပတ်မီးရှို့နေသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ (၁၈)ရက်နေ့ကလည်း ရေဦးမြို့နယ် ချောင်းဆုံရွာအနီးတွင် ရွှေဘိုခရိုင် တပ်ရင်း (၉)က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် (၁၀)ဦး အထက်မနည်း သေဆုံးနိုင်သည်ဟု PDF က အသိပေးထားသည်။

ခြုံခိုတိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်သည် အမှတ်(၃၆၄)ခြေမြန်တပ်ရင်း နှင့်  အမှတ်(၇၀၁)ခြေလျင်တပ်ရင်း  (၂)ခုပေါင်းပြီး ရွာမိဿရွာကို ဒီဇင်ဘာလ(၁၉)ရက်နေ့က ပူးပေါင်းမီးရှို့ခဲ့သဖြင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့သည်။

#TachileikNewsAgency

Photo:  ADF