ကျောက်ကြီးမြို့နယ်အတွင်း မိုင်းရှင်းနေသည့်  စစ်ကောင်စီတပ်သားများ မိုင်းထကွဲပြီးထိခိုက် သေဆုံး

ကျောက်ကြီးမြို့နယ်အတွင်း မိုင်းရှင်းနေသည့်  စစ်ကောင်စီတပ်သားများ မိုင်းထကွဲပြီးထိခိုက် သေဆုံး
ဇန်နဝါရီ 7, 2023 | 2021 Military Coup| အခြားဒေသများ

 ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထောင်ထားသည့် မိုင်းအား စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းစဉ် ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်၊ သေဆုံးသူရှိခဲ့ကြောင်း ပဲခူးတိုင်း PDF က သတင်းထုတ်ပြန်သည်။

ယနေ့  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်၏ နံနက်ပိုင်းက သဲကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြား နတ်သံကွင်း- ကျောက်ကြီး ကားလမ်းမပေါ်တွင် ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ(၂)မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်ရန် ထောင်ထားသော မိုင်းအား စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ရှင်းလင်းစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်း PDF ၏ ထုတ်ပြန်ချက်အရ မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား (၃)ဦး သေပြီး (၆)ဦး ဒဏ်ရာရရှိသွားသည်ဟု သိရပြီး သေဆုံးဒဏ်ရာရရှိသွားသည့် စစ်ကောင်စီတပ်သားများမှာ  အမှတ်(၅၉၉)ခြေမြန်တပ်ရင်းက ဖြစ်ကြောင်း  သိရသည်။