ကောလင်းမြို့ကို ဝန်းသိုစစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် အရပ်သား ၄ ဦးဒဏ်ရာရ

ကောလင်းမြို့ကို ဝန်းသိုစစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် အရပ်သား ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ကောလင်းမြို့၊ တောင်မော်တိုက်နယ် တောင်မော်ကျေးရွာသို့ ဝန်းသိုမြို့ရှိ စစ်ကောင်စီတပ် ခမရ(၁၂၀)မှ လက်နက်ကြီးနှင့်ပစ်ခတ်ရာ အရပ်သား(၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့ ညပိုင်းတွင် လက်နက်ကြီး(၄)လုံး ပစ်ခတ်ခဲ့ရာ တောင်မော်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု Kawlin Revolution-KRထံမှ သိရသည်။

လက်နက်ကြီးကြောင့် ဒေသခံ ဦးစံမင်း(၆၀)နှစ်၊ မမင်းမင်း(၃၀)နှစ်ဝန်းကျင်၊ မဂျူးဂျူးနိုင်(၂၀)နှစ်၊ ဦးဇော်မင်းနိုင်(၄၀)နှစ်ဝန်းကျင်တို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၈)ရက်နေ့ကလည်း အဆိုပါစစ်ကောင်စီတပ်မှ ကောလင်းမြို့တွင်းသို့ လက်နက်ကြီး(၄)လုံး ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ ဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါလက်နက်ကြီးကြောင့် ဘုန်းတော်ကြီးတစ်ပါး ဒဏ်ရာရပြီး ကပ္ပိယတစ်ဦးမှာ သေဆုံးသွားကြောင်း သိရသည်။

ထို့အပြင် မြို့တွင်းတစ်နေရာသို့ ကျရောက်သည့် လက်နက်ကြီးတစ်လုံးကြောင့် (၃)နှစ်အရွယ် ကလေးတစ်ဦးနှင့် (၅)နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ သေဆုံးပြီး မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ဝန်းသိုမြို့ရှိ စစ်ကောင်စီတပ် ခမရ(၁၁၁)နှင့် (၁၂၀)တပ်တို့မှ လက်နက်ကြီးများဖြင့် နေ့ညမပြတ် ပစ်ခတ်နေသောကြောင့် ကောလင်းမြို့ရှိ အဆောက်အဦးများ ပျက်စီးနေသည်ဟု သိရသည်။

#TachileikNewsAgency