ပဲခူးမြို့တွင် ရေလျှံကာ ပဲခူး-ရန်ကုန်ကားလမ်း ရေမြှုပ်နေ

ပဲခူးမြို့တွင် ရေလျှံကာ ပဲခူး-ရန်ကုန်ကားလမ်း ရေမြှုပ်နေ

ပဲခူးတိုင်း ပဲခူးမြို့တွင်း၌ ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လွန်ကာ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် ပဲခူး-ရန်ကုန် အဝေးပြေးကားလမ်းဟောင်းအထိ မြင့်တက်နေသဖြင့် ကားငယ်များသွားလာရန်ခက်ခဲနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ 

ပဲခူးမြစ်ရေသည် ယမန်နေ့ ညပိုင်းကစတင်ကာ ရေမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အများစု ရေနှစ်မြှုပ်နေကာ ပဲခူး-ရန်ကုန် အဝေးပြေးကားလမ်းဟောင်းတွင်လည်း (၄)ပေဝန်းကျင်အထိ ရေတက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ရေကတော့ မနေ့ညလောက်ကနေ သိသိသာသာ တက်လာတာပေါ့။ အခုက ဆည်ကို ရေဖောက်ချလိုက်ရတယ်လို့လည်းပြောတယ်။ ခေါင်းဆေးကျွန်းနားက အပိုင်းတွေ အဝေးပြေးလမ်း ရေကျော်နေတယ်။ ခေါင်းဆေးကျွန်းမှာ တချို့ကားအမြင့်တွေတော့ ဖြတ်နေကြတာတွေ့တယ်။ ကားသေးတော့ ဖြတ်ရင်သတိထားရမယ်။ ကားလမ်းပေါ်မှာပဲ ရေက ခါးလောက်ရှိတယ်။ လှေနဲ့သွားမှရတယ်။”ဟု ပဲခူးမြို့မှ ဒေသခံတစ်ဦးက Tachileik News Agencyကို ပြောသည်။

မိုးရွာသွန်းမှုများသဖြင့် လက်ရှိတွင် ပဲခူးမြို့ရှိ ကျောက်ကြီးစု၊ ဇိုင်းတောင်၊ ဇိုင်းမြောက်၊ ရွှေသာလျောင်းအနီး ဝန်းကျင်၊ ကလျာဏီ၊ ခေါင်းဆေးကျွန်း အနီးဝန်းကျင်တို့တွင် ရေမြင့်တက်နေကြောင်း သိရသည်။

“မြို့ထဲကနေ မြို့သစ်ဘက်ကိုသွားမယ်ဆို မြို့ဦးကင်း တံတားဘက်ကတော့ ပတ်သွားလို့ရတယ်။ ရေမဖြတ်ပဲပေါ့။ မနက်ကတော့ ထမင်းထုတ်တွေ ဝေနေတာတွေ့တယ်။ မီးက ညကတည်းက ဖျက်ထားတာ အခုထိမလာသေးဘူး။”ဟုလည်း ၎င်းကဆက်ပြောသည်။

ပဲခူးမြို့အပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကရင်ပြည်နယ်၊ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး စသည့် မြို့နယ်များတွင်လည်း ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo : CJ