ဝက်လက်မြို့နယ် ဝက်လက်ရွဲရွာမှ အရပ်သား ၁၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွား

ဝက်လက်မြို့နယ် ဝက်လက်ရွဲရွာမှ အရပ်သား ၁၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွား
အောက်တိုဘာ 24, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဝက်လက်ရွဲရွာကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး ပစ္စည်းများယူဆောင်ကာ ဒေသခံ(၁၅)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မန္တလေးမှ မြစ်ကြီးနားသို့ သွားလာနိုင်သည့် အဆိုပါရထားသံလမ်းကို ပြုပြင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား(၅၀)ဝန်းကျင်သည် ဝက်လက်ရွဲရွာသို့ ပစ်ခတ်ဝင်ရောက်ရာ အရပ်သားတစ်ဦး ဒဏ်ရာရှိပြီး (၁၅)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

“သူတို့က ဒီမနက်(၄)နာရီကျော်ကျော်လောက်မှာ လက်ရှိသံလမ်းပြင်နေတဲ့ ရွာပေါ့နော်။ သာလိုင်းရွာ သာလိုင်းဘူတာနားလေးကနေပြီးတော့ ဝက်လက်ရွဲရွာထဲကို ပစ်ခတ်ပြီးတော့ ဝင်သွားတာပေါ့နော်။ ရွာကိုဝင်မွှေတယ်။ မွှေပြီးတော့ ရိက္ခာတွေသယ်သွားတာပေါ့နော်။ သယ်သွားပြီးတော့ ကျေးရွာသူ၊ ကျေးရွာသားတွေကို ဖမ်းဆီးသွားတာပေါ့။”ဟု ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ဖမ်းဆီးခံရသူများမှာ ကိုကင်းကောင် အသက် (၃၀)နှစ်ဝန်းကျင်၊ မဖြူတုက် အသက်(၃၀)နှစ်ဝန်းကျင်၊ မိနွယ် အသက်(၃၀)နှစ်ဝန်းကျင်၊ မမြတ်ထွေး အသက်(၃၀)နှစ်ဝန်းကျင်၊ ဒေါ်သင်းအေး အသက်(၆၀)နှစ်ဝန်းကျင်၊ ဦးစံဝင်း အသက်(၇၄)နှစ်ဝန်းကျင်၊ ကိုဇာ အသက်(၃၅)နှစ်ဝန်းကျင်နှင့်(သားဖ ၄ ဦး)၊ မအေးစိုး အသက်(၃၅)နှစ်ဝန်းကျင်၊ ဒေါ်မြတ်ဥ အသက်(၇၀)နှစ်ဝန်းကျင်၊ ဦးကံချွန် အသက်(၇၃)နှစ်ဝန်းကျင်၊ 

ဦးသောင်းလွင် အသက်(၇၂)ဝန်းကျင်နှင့် ဦးချစ်ဝင်း အသက်(၆၀)နှစ်ဝန်းကျင် လက်မောင်းကျည်ထိမှန်ထား(မစိုးရိမ်ရ)တို့ဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီက ဒီရထားလမ်းကို ယန္တရားတစ်ခုအနေနဲ့ လည်ပတ်ဖို့ကြိုးစားနေတာ။ အခုအချိန်ထိတော့ ဒေသခံတွေပြန်မလွတ်သေးဘူး။”ဟု ၎င်းက ဆက်ပြောသည်။

ဝက်လက်ရွဲရွာသည် ဝက်လက်မြို့၏ အရှေ့တောင်ဘက် (၂)မိုင်ခန့်အကွာတွင်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်များက ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကာ ဝက်လက်ရွဲရွာ အနောက်ဖျားရှိ တဲတစ်လုံးအား မီးရှို့သွားသည်ဟုလည်း သိရသည်။

ဝက်လက်ရွဲရွာတွင် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇူလိုင်လက တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ်တချို့လည်း မီးလောင်ဆုံးရှုံးခဲ့သည်။

#TachileikNewsAgency