Boycott စာရင်းဝင် စစ်တပ်ထုတ်ကုန် ရွှေဖီဦးလက်ဖက်စက်ရုံကို TNLA သိမ်းပိုက်

Boycott စာရင်းဝင် စစ်တပ်ထုတ်ကုန် ရွှေဖီဦးလက်ဖက်စက်ရုံကို TNLA သိမ်းပိုက်
ဒီဇင်ဘာ 14, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ Boycott စာရင်းဝင် စစ်တပ်ထုတ်ကုန် ရွှေဖီဦး လက်ဖက်စက်ရုံကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော်(TNLA)က ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့ ည(၆)နာရီခွဲကျော်တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေဖီဦးစက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ (၁၂)ရက်နေ့ကစတင်ကာ TNLAက တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး စက်ရုံဝန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့များ အခိုင်အမာ ပြုလုပ်ထားသည့် ကတုတ်ကျင်းများ၊ လဖက်ကုန်ကြမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု TNLAဘက်က ဆိုသည်။

“ဘာတွေ သိမ်းဆည်းရရှိတာလည်း ဆိုတာကတော့ ပစ္စည်းတွေသိမ်းတုန်းမို့ မသိရသေးဘူး။ စက်ရုံထဲကနေ ဖမ်းဆီးရမိတဲ့ လူဦးရေကတော့ ဆယ်ဂဏန်းလောက်တော့ရှိမယ်။”ဟု TNLA တပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agencyကို အတည်ပြုပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးပြီး ဖမ်းဆီးရမိသည်များလည်းရှိကာ အသေးစိတ်အချက်အလက်ကိုမူ မသိရသေးဟု သိရသည်။

တော်လှန်ရေးအဖွဲ့များက စစ်တပ်ထုတ်ကုန် ရွှေဖီဦးတံဆိပ် အသင့်ဖျော်လက်ဘက်ရည်၊ လီမွန်တီး စသည်တို့ကို ပြည်သူများ ဝယ်ယူအသုံးမပြုရန် တိုက်တွန်းထားသည်။

#TachileikNewsAgency