ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်က ဆင်အင်းကြီးရွာကို မီးရှို့ပြီး ဒေသခံ (၁၀)ဦးကို သေနတ်ဖြင့် ပစ်သတ်သွား

ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်က ဆင်အင်းကြီးရွာကို မီးရှို့ပြီး ဒေသခံ (၁၀)ဦးကို သေနတ်ဖြင့် ပစ်သတ်သွား
နိုဝင်ဘာ 11, 2022 | 2021 Military Coup| အခြားဒေသများ

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်များ ဝင်ရောက်ပြီး ရွာကို မီးရှို့ကာ ပစ်ခတ်သွားပြီးနောက် ကျေးရွာအတွင်း၌   သေနတ်ကျည်ထိ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း (၁၀)လောင်းကို တွေ့ရှိထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် နိုဝင်ဘာလ(၁၀)ရက်နေ့၏ ညပိုင်းက ဝင်ရောက်ကာ ပစ်ခတ် မီးရှို့သွားကြခြင်းဖြစ်ပြီး ပစ်သတ်ခံရသူများကို စစ်ကောင်စီတပ်များ ထွက်ခွါသွားပြီးနောက်  ရွာထဲလမ်းမ၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

သတ်ခံရသူများမှာ ဦးမောင်မောင်သိန်း၊ ဦးမောင်စံလှ၊ ဦးခင်မောင်၊ ဦးမောင်ကျော်သိန်း၊ ဦးစံ၊ ဒေါယိုင်ညွန့်ဖြူ၊ ဒေါ်ခင်သိန်းမြင့်၊ ဦးထွန်းသာကျော်၊ ဦးအေးထွန်းစိန် နှင့် ဆေးဆရာတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

မီးရှို့ခံရ၍ ပျက်စီးသွားသည့် နေအိမ်များမှာ စုစုပေါင်း (၈)လုံးဝန်းကျင်ဖြစ်ပြီး မီးရှို့ခံရသည့် နေအိမ်များထဲတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့်  ဦးမောင်မောင်သိန်း၏ နေအိမ်လည်း ပါဝင်ကြောင်း  သိရသည်။

ယနေ့ နိုဝင်ဘာလ(၁၁)ရက်နေ့  နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျက်ရှိသည်ဟု သိရသည်။