ကြူကုတ် ပန်ဆိုင်းရဲစခန်းကို မဟာမိတ်တပ်များသိမ်းပြီးနောက် မီးလောင်ပျက်စီး

ကြူကုတ် ပန်ဆိုင်းရဲစခန်းကို မဟာမိတ်တပ်များသိမ်းပြီးနောက် မီးလောင်ပျက်စီး
နိုဝင်ဘာ 1, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ ကြူကုတ် ပန်ဆိုင်းရဲစခန်းကို မဟာမိတ်တပ်ဖွဲ့များက ယ‌မန်‌နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ ညပိုင်းက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါရဲစခန်းသည် မြန်မာ-တရုတ်နယ်စပ်တွင်ရှိပြီး ယ‌မန်နေ့ည (၈)နာရီဝန်းကျင်တွင် မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"(၁၀၅)မိုင်ရောက်ရင်လမ်းခွဲရှိတယ်။ အဲဒီကနေသွားရင်ရောက်တယ်။ သူလည်း နယ်စပ်ပဲ။ ရဲစခန်းကတော့ မီးလောင်သွားပြီ။ ‌ရဲတွေသေတာ၊ လက်နက်ခဲယမ်းရတာတော့ အတည်ပြုလို့မရသေး ဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ပန်ဆိုင်းမြို့အား တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲနေသည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် လူနေအိမ်များ ထိမှန်ပျက်စီးသွားကြောင်း သိရသည်။

မဟာမိတ်တပ်များ၏ ၁၀၂၇ စစ်ဆင်ရေး (၅)ရက်မြောက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း (၈၀)ကျော်နှင့် မြို့ (၃)မြို့ကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency