လေယာဥ်ဆီတင်သင်္ဘောကို ရန်ကုန်တိုင်း ပကဖ မိုင်းခွဲတိုက်ခိုက်

လေယာဥ်ဆီတင်သင်္ဘောကို ရန်ကုန်တိုင်း ပကဖ မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီ၏ စစ်လေယာဥ်၊ စစ်ရဟတ်ယာဥ်များတွင် အသုံးပြုမည့် လေယာဥ်ဆီ သယ်ဆောင်လာသည့် သင်္ဘောကို ရန်ကုန်တိုင်း ပကဖက ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉)ရက်နေ့၊ ညပိုင်းတွင် ရန်ကုန် MEC ထီးတန်းဆိပ်ကမ်း၌ ကမ်းကပ်ထားထားသည့် အဆိုပါ ဆီတင်သင်္ဘောကို ရန်ကုန်တိုင်းပကဖ (ရေငုပ်အထူးတပ်ဖွဲ့)က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထီးတန်းဆိပ်ကမ်းသို့ ဆိုက်ကပ်၍ လေယာဉ်ဆီချရန် စောင့်ဆိုင်းနေသော Jet A1  လေယာဥ်ဆီတင် MV သင်္ဘောကို ချိန်ကိုက် TNT မိုင်း အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကြည့်မြင်တိုင်၊ အလုံ၊ ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်တို့မှ မီးငြှိမ်းသတ်ယာဉ် စုစုပေါင်း (၄)စီးဖြင့် ငြိမ်းသတ်ခဲ့ရပြီး နံနက်(၃)နာရီ (၃၅)မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

သင်္ဘောစတင် မီးလောင်ချိန်တွင် ရန်ကုန်ရှိ မြို့နယ်တော်တော်များများအထိ ပေါက်ကွဲသံကဲ့သို့ ကျယ်လောင်သည့် အသံကြားရသည်ဟု သိရသည်။

#TachileikNewsAgency