မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ဖြတ်(၄)ဖြတ်လုပ်ပြီး အမျိုးသမီးများကိုတွေ့ပါက မုဒိမ်းကျင့်သတ်ဖြတ်ဟု CDM တပ်သားပြော

မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ဖြတ်(၄)ဖြတ်လုပ်ပြီး အမျိုးသမီးများကိုတွေ့ပါက မုဒိမ်းကျင့်သတ်ဖြတ်ဟု CDM တပ်သားပြော
သြဂုတ် 3, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ဖြတ်(၄)ဖြတ်လုပ်ပြီး အမျိုးသမီးများကိုတွေ့ပါက မုဒိမ်းကျင့်သတ်ဖြတ်ခြင်းများ ပြုလုပ်နိုင်သည်ဟု အထက်အရာရှိများက ညွှန်ကြားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ တပ်မ(၆၆)လက်အောက်ခံ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်မှ လက်နက်အပြည့်အစုံဖြင့် ထွက်‌ပြေးလာခဲ့ပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF B-01 (၁၀၀၁)တပ်ရင်းသို့ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇူလိုင်လ(၃)ရက်နေ့က ဝင်ရောက်ခိုလှုံလာသည့် CDMတပ်သား မောင်တင်သိန်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

"ကျွန်တော် ညောင်ဝိုင်းမှာနေတဲ့အချိန် ကျွန်တော် မပြေးခင်က ကျွန်တော်ကို ပြောကြတာက မိုးဗြဲကို ဖြတ်(၄)ဖြတ်လုပ်ဖို့၊ ဖြတ် (၄)ဖြတ်ဆိုတဲ့သဘောက လမ်းမှာတွေ့တာ အကုန်လုပ်လို့ရတယ်။ မကျေနပ်ရင် မကျေနပ်သလို လုပ်လို့ရတယ်။ အိမ်တွေလည်း မီးရှို့လို့ရတယ်။ လမ်းမှာ ကောင်မလေးတွေ၊ အပျိုလေးတွေတွေ့ရင် မုဒိမ်းကျင့်သတ်လို့ရတယ်။ သူတို့လုပ်ချင်သလို လုပ်လို့ရတယ်။ သူတို့လက်ခုပ်ထဲကရေလိုပေါ့။ သူတို့သွန်ချင်သလိုသွန် မှောက်ချင်သလိုမှောက်လို့ရတဲ့သဘောမျိုးပေါ့။"ဟု ၎င်း CDMတပ်သားက ပြောသည်။

ထို့အပြင် ၎င်းကို အလုပ်နှင့် လစာကောင်းမည့်နေရာကို ပို့ပေးမည်ဟုပြောခဲ့ပြီး ငွေကျပ်(၃)သိန်းပေးကာ တပ်စုဆောင်းရေးကို ခေါ်သွားပြီးနောက် သင်တန်းတက်ခိုင်းခဲ့ကြောင်း၊ သင်တန်းပြီးပြီးချင်း မိုးဗြဲဖက်သို့ ရှေ့တန်းပို့ခံရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“မိုးဗြဲမြို့တွင် တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ပြည်သူ့အိုးအိမ်တွေကို မီးရှို့လို့ရတယ်၊ ပြည်သူပိုင် ပစ္စည်းတွေကိုခိုးယူလို့ရတယ်။ မြင်မြင်သမျှကို သတ်ပစ်လို့ရတယ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်ပြီး သတ်ပစ်လို့ရတယ်လို့ အထက်ကညွှန်ကြားထားတာရှိခဲ့ပြီး မြေပြင်မှာလည်း လက်တွေ့ကျွန်တော် မြင်တွေ့နေရတာကြောင့် ပြည်သူ့ရင်ခွင်ထံခိုလှုံဖို့ စိတ်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီတော်လှန်ရေးမှာ လိုအပ်လာပါက အာဏာရှင် စကစကို ပြန်လည်တိုက်ခိုက်ဖို့ ကျွန်တော်အသက်ကို ပေးရဲပါတယ်။”ဟု CDMတပ်သားက ဆက်ပြောသည်။ 

အဆိုပါ CDM ရဲဘော် မောင်တင်သိန်းအား မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၁ တပ်ရင်း (MBPDF B-01)မှ ငွေကျပ်သိန်း (၂၀)ကို ချီးမြှင့်လိုက်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၁ တပ်ရင်း