ရေးနှင့် သံဖြူဇရပ်ကြားတွင် ခရီးသည်တင်ကားနှင့် တင်ဆောင်လာသည့် ရဲအသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကာ မီးရှို့ဖျက်ဆီး

ရေးနှင့် သံဖြူဇရပ်ကြားတွင် ခရီးသည်တင်ကားနှင့် တင်ဆောင်လာသည့် ရဲအသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကာ မီးရှို့ဖျက်ဆီး

မွန်ပြည်နယ် ရေးမြို့နယ်နှင့် သံဖြူဇရပ်ကြား အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသည်တင်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ရဲအသုံးဆောင်ပစ္စည်းများကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် သိမ်းဆည်းရရှိသဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

KNLA တပ်ရင်း(၂၇)နှင့် PDFပူးပေါင်းတပ်ဖွဲ့ဝင်များသည် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် နေ့စဉ် လုံခြုံရေးရယူစစ်ဆေး‌နေရာ နေ့လည်ပိုင်းတွင် ဘေးလမိုင်းရွာအနီး ခရီးသည်တင်ကားနှင့် တင်ဆောင်လာသည့် ရဲအသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

ဖမ်းဆီးရမိသည့် ရဲအသုံးအဆောင်ပစ္စည်းများသည် ဒုရဲအုပ် နိုင်လွင်ဦး၏ ပစ္စည်းများဖြစ်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ (၁၀)ရက်နေ့က စတင်ပြီး KNLA တပ်ရင်း(၂၇)သည် ပြည်ထောင်စုလမ်းမကြီးတလျှောက် သွားလာနေကြသည့် ကားများတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအပါအဝင် စစ်အင်အားတိုးချဲ့သည့် လူနှင့် ပစ္စည်းများ သယ်ဆောင်လာပါက အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency