ရှမ်း - ကယားနယ်စပ် ဖယ်ခုံတွင် (၈)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား၏ အလောင်းများ ကျန်ရစ်

Photo: PDF Pekhon
Photo: PDF Pekhon
ရှမ်း - ကယားနယ်စပ် ဖယ်ခုံတွင် (၈)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား၏ အလောင်းများ ကျန်ရစ်
ဇူလိုင် 30, 2023 | 2021 Military Coup| ကယား

ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း စက်တော်ရွာမှ ခေါင်းအိစေတီကုန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ (၈)ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြားသေကြောင်း ဖယ်ခုံ PDF က ယနေ့ ဇူလိုင်လ(၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့ကနေ  ဇူလိုင်လ( ၂၈)ရက်နေ့ အထိ(၈)ရက်ကြာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် အင်အား(၅၀)ဝန်းကျင်ကို ဖယ်ခုံ PDF (၁၀၀၂)တပ်ရင်း၊ KRU ၊ ၁၀၀၉ ( IPDF) ၊ ၁၀၀၈ ၊ ၁၀၀၅ ၊ ၁၀၀၃ ၊ DMO ၁၁၀၆ နှင့် ရှမ်းတောင် Drone တပ်ဖွဲ့၊ SSDF စသည့် မဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အပြင်းအထန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်သည် ရောက်ရှိသည့်နေရာတွင် ကျင်းတူး၍တိုက်ခိုက်ခဲ့ခြင်းပြီး တော်လှန်ရေးတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် ဇူလိုင်လ(၂၈)ရက်နေ့ နေ့လည်ပိုင်းတွင် ပြန်လည် ဆုတ်ခွါသွားသည်ဟု ဆိုသည်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် (၁၃)ဦးသေပြီး ထိခိုက်ဒဏ်ရာများစွာဖြင့် ဆုတ်ပြေးခဲ့ကာ တော်လှန်ရေးတပ်များဘက်ကလည်း တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။