စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ကို စစ်တပ်က ဖမ်းဆီး မေးမြန်းပြီးနောက် ဟီးဟီးဟားဟားရယ်မောကာ တပ်နယ်မှူးက လက်ဖက်သုပ်ကျွေးပြီး ပြန်လွတ်

စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ကို စစ်တပ်က ဖမ်းဆီး မေးမြန်းပြီးနောက် ဟီးဟီးဟားဟားရယ်မောကာ တပ်နယ်မှူးက လက်ဖက်သုပ်ကျွေးပြီး ပြန်လွတ်
ဇန်နဝါရီ 19, 2024 | 2021 Military Coup| အခြားဒေသများ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကို တပ်ချုပ်ရာထူးတင်ရန် ပြောဆိုခဲ့သည့် ပေါက်ကိုယ်တော် ယနေ့  ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့ ညနေပိုင်းတွင် နေ့ချင်းတွင်း ပြန်လွတ်လာပြီ ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကို တပ်ချုပ်ရာထူးတင်ရန် ပြောဆိုခဲ့သည့် ပေါက်ကိုယ်တော်ဟုခေါ်သော အရိယဝံသ အမည်ရှိ မဘသဘုန်းကြီးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

“တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ကလည်း ခေါ်စရာမေးစရာရှိတာကို‌ မေးတာပေါ့ဗျာ။ ကာချုပ်ကြီးကိုလည်း မုန်းလို့မဟုတ်ဘူး။ ပြောလိုက်ခြင်းအတွက် နောင်တမရဘူး။ ဟိုမှာ ဟီးဟီးဟားဟားနဲ့ ရယ်ပြီး ရေနွေးသောက်ပြီးမှနော်၊ အဲ့က တပ်နယ်မှူးကပ်တဲ့ လက်ဖက်သုပ်ကိုစားပြီးမှ အေးအေးချမ်းချမ်းနဲ့ စကားပြောပြီး ပြန်လာတဲ့ အနေအထားတစ်ခုပါပဲ။”ဟု ပေါက်ကိုယ်တော်က ပြန်လွတ်လာချိန်တွင် လူမှုကွန်ယက်စာ မျက်နှာပေါ်တွင် Live လွှင့်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၆)ရက်နေ့က ပြင်ဦးလွင်မြို့တွင် ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲတွင် ပေါက်ကိုယ်တော်ဆိုသည့် မဘသဘုန်းကြီးက တပ်ချုပ်ရာထူးအား စိုးဝင်းကိုတင်ရန်၊ မင်းအောင်လှိုင်အား ဖယ်ရှားရန်ပြော ဆိုခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသတွင် MNDAA ရဲဘော်တစ်ဦးက စေတီတစ်ဆူကို တူဖြင့် ဖျက်ဆီးနေသည်ကို ဘာသာရေးမှိုင်းတိုက်ရန် ပြုလုပ်နေကြသည့် ဆန့်ကျင်ပွဲများအနက် ပြင်ဦးလွင်မြို့ဆန့်ကျင်ပွဲတွင် ပေါက်ကိုယ်တော်က မင်းအောင်လှိုင်ကို ဖြုတ်ချရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ စုဝေးပွဲသို့ တက်လာသူများထဲတွင် ဦးသုစိတ္တ၊ ဦပဏ္ဍိတ၊ ပေါက်ကိုယ်တော် အရိယဝံသ စသည့် မဘသ ဘုန်းကြီးများလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။