မယ်ဆိုင်နှင့်ချင်းရိုင်းမြို့တို့ကနေ ထိုင်းစစ်တပ်က ဖမ်းဆီးပြီး တာချီလိတ်သို့ လွှဲပြောင်းပေးသည့် မြန်မာ(၃)ဦးကို တာချီလိတ်တရားရုံးက အကြမ်းဖက် ဥပဒေများဖြင့် ထောင်ဒဏ် အနှစ်(၂၀) အထိ ချမှတ်

မယ်ဆိုင်နှင့်ချင်းရိုင်းမြို့တို့ကနေ ထိုင်းစစ်တပ်က ဖမ်းဆီးပြီး တာချီလိတ်သို့ လွှဲပြောင်းပေးသည့် မြန်မာ(၃)ဦးကို တာချီလိတ်တရားရုံးက အကြမ်းဖက် ဥပဒေများဖြင့် ထောင်ဒဏ် အနှစ်(၂၀) အထိ ချမှတ်
ဇူလိုင် 29, 2023 | ရှမ်းရှေ့

ထိုင်းစစ်တပ်နှင့်ရဲက ဖမ်းဆီးပေးလိုက်ပြီး မြန်မာဘက်သို့ ပြန်လွှဲပေးလာသည့် မယ်ဆိုင်နှင့် ချင်းရိုင်းတို့မှ (၃)ဦးကို တာချီလိတ်ခရိုင်တရားရုံးက အကြမ်းဖက်ဥပဒေများဖြင့် ထောင်ဒဏ်(၈)နှစ်မှ   ထောင်ဒဏ် နှစ်(၂၀)အထိ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

မယ်ဆိုင်မြို့တွင် ဖမ်းခံရသည့်  စောလတ် (ခ) သိန်းသန်း နှင့်  ခင်မျိုးထက်(ခ)ထက်ထက် တို့ လင်မယား(၂)ဦးကို တစ်ဦးလျှင် ထောင်ဒဏ် အနှစ် (၂၀)စီ ချမှတ်လိုက်ပြီး ယင်းအပြင် ချင်းရိုင်းမြို့၌ ဖမ်းခံရသည့် ကိုသူရိန်(ခေါ်)သူရိန်ဝင်း အား ထောင်ဒဏ် (၈)နှစ်အဖြစ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုသူရိန်(ခေါ်)သူရိန်ဝင်း အား ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ ထဆိုင်းရှိ အဖိထောင်း ချင်းရိုင်း အိမ်ရာထိပ်တွင် ၂၀၂၃ခုနှစ် မတ်လ(၁၆)ရက်နေ့၏ နံနက်(၁၁)နာရီ (၄၃)မိနစ်အချိန်က ကား(၂)စီး  မောင်းနင်းလာပြီး အရပ်ဝတ်များဖြင့် ဝတ်ဆင်ထားသည့် ထိုင်းစစ်တပ်၏ စစ်ထောက်လှမ်းရေးတပ်ဖွဲ့ဝင် (၃)ဦး နှင့် ထိုင်းဘက် TBC ရုံးမှ (၁)ဦး စုစုပေါင်း (၄)ဦးတို့က စစ်ဆေးကာ ဖမ်းဆီးပြီး မြန်မာဘက် စစ်တပ်လက်ထဲသို့ လွှဲပြောင်းပေးလာပြီးနောက် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားကာ တရားရုံးတွင် စွဲချက်တင်ပြီး အမိန့်ချမှတ်လိုက်ကြခြင်း ဖြစ်သည်။

အလားတူ အသက်(၃၇)နှစ်အရွယ် စောလတ် (ခ) သိန်းသန်း နှင့် ၎င်း၏ ဇနီးဖြစ်သူ အသက်(၂၂)နှစ်အရွယ် ခင်မျိုးထက်(ခ)ထက်ထက်တို့ကိုလည်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း မုန်ဒဲန်းရပ်ကွက်၊ (၂)လမ်းအတွင်းရှိ နေအိမ် ၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ (၉)နာရီဝန်းကျော်အချိန်က ထိုင်းစစ်တပ်နှင့်ရဲတို့က ဖမ်းဆီးကာ မြန်မာစစ်တပ်သို့ လွှဲပြောင်းပေးခဲ့ကြခြင်း ဖြစ်သည်။

 စောလတ် (ခ) သိန်းသန်း နှင့်  ခင်မျိုးထက်(ခ)ထက်ထက် တို့ လင်မယား(၂)ဦးသည် ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်ကြသူများ မဟုတ်ဘဲ ပန်း‌ရောင်ကတ်ဟု ခေါ်သည့် ယာယီ‌နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုင်ဆောင်ကာ နေထိုင်ကြသူများဖြစ်သည်။

၎င်းတို့အား ဖမ်းဆီးရန်အတွက် မြန်မာဘက် စစ်တပ်က ဖွဲ့စည်းထားသည့် နယ်ခြားကော်မတီ(TBC)၏ ခိုင်းစေမှုကြောင့် ထိုင်းဘက် စစ်တပ် နှင့် ထိုင်း TBC အဖွဲ့က ဖမ်းဆီးပေးခြင်းဖြစ်သည်။

စောလတ် (ခ) သိန်းသန်းတို့ လင်မယား(၂)ဦးအား ဖမ်းဆီးချိန်တွင် ၎င်းတို့၏ သားသမီးငယ် (၂)ဦးဖြစ်သည့် အသက်(၂)နှစ်အရွယ် ထွန်းလင်းလတ် နှင့် အသက်(၁)နှစ်အရွယ် သွန်းရတီတို့ပါ ဖမ်းဆီးခံရမှုတွင် ပါဝင်ရာ အသက်(၁)နှစ်အရွယ် ကလေးငယ်မှာ နို့စိုအရွယ်ဖြစ်နေ၍ မိခင်နှင့်အတူ ထောင်တွင်းသို့ လိုက်ပါသွားရနိုင်ပြီး အသက် (၂)နှစ်အရွယ် ကျန်တစ်ဦးမှာ ဆွေမျိုးများထံတွင် နေရမည်ဟု ၎င်းတို့နှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

၎င်းတို့ (၃)ဦးက ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့က တာချီလိတ်ခရိုင်တရားရုံးက အမိန့်ချလိုက်ကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သည် မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် အနီးဆုံးမြို့ဖြစ်ပြီး လမ်းလျှောက်သွားလျှင် အနည်းဆုံး (၅)မိနစ်သာ ဝေးပြီး ချင်းရိုင်းမြို့မှာ တာချီလိတ်ကနေ ကားဖြင့်သွားသော် အလွန်ဆုံး (၄၅)မိနစ်သာ ကွာဝေးသည်။

နိုင်ငံ့အာဏာသိမ်းကာလအတွင်း ၎င်းတို့အား ဆန့်ကျင်တော်လှန်သူများအနက် တာချီလိတ်မြို့နှင့် သက်ဆိုင်သည်ဟု ယူဆရသူများကို တာချီလိတ်မှ စစ်တပ် နှင့် စစ်တပ်လက်အောက်ခံ TBC တို့က ထိုင်းစစ်တပ်သို့ ပုံနှင့်အချက်အလက်များ လျှို့ဝှက်ပေးပို့ အကြောင်းကြားပြီး ဖမ်းဆီးခိုင်းမှုများ လုပ်ဆောင်လေ့ရှိသည်။