မိုင်းပျဉ်းမြို့တွင် အာဏာသိမ်းစစ်တပ်၏ သားသမီးအများဆုံး တက်နေသည့် အထက(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး (၁၀)ဦးအထက် Covid-19 ကူးစက်ခံထားရ

မိုင်းပျဉ်းမြို့တွင် အာဏာသိမ်းစစ်တပ်၏ သားသမီးအများဆုံး တက်နေသည့် အထက(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး (၁၀)ဦးအထက် Covid-19 ကူးစက်ခံထားရ
နိုဝင်ဘာ 16, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ အောက်ဈေးတန်းရပ်ကွက်အတွင်း အာဏာသိမ်း စစ်တပ်၏ သားသမီး အများဆုံး တက်ရောက်နေသည့် အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယနေ့ နိုဝင်ဘာလ(၁၆)ရက်နေ့၌ Covid-19 ကူးစက်ခံထားရသည့် ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး (၁၀)ဦးအထက် စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

တခြားကျောင်းတော့ မသိသေးဘူး၊ ဒီနေ့မှ ထခွဲကို စစ်တာ။ ဈေးထဲ စစ်တာကနေ ကိုးတန်းကလေးမှာ ကိုဗစ်တွေ့လို့ ထိတွေ့ရှာရင်းနဲ့ ကျောင်းမှာတွေ့တာ။ ကျောင်းတော့ မပိတ်ဘူး။ ဖြစ်တဲ့ အတန်းပဲ ပိတ်တာလို့တော့ ပြောသံကြားတယ်။

ဟု ဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

မိုင်းပျဉ်းမြို့တွင် Covid-19 ကူးစက်မှုများပြားနေသော်လည်း ဒေသအာဏာပိုင်များက ကူးစက်မှု အခြေအနေများကို သတင်းအမှောင်ချခြင်း နှင့် ကျောင်းသားများတွင် Covid-19 တွေ့ရပါက တွေ့သည့် အတန်းကိုသာ ပိတ်ခြင်းများသာ လုပ်ဆောင်သည်ဟု ဒေသခံများက ဆိုသည်။

မိုင်းပျဉ်းမှာ covid တွေ သောင်းကျန်းနေတာကို ကျောင်းတွေဖွင့်ထားတော့ ကျောင်းသူကျောင်းသားတွေ covid ထပ်ဖြစ်တာ၊ ဖြစ်တဲ့ ကျောင်းလည်း မပိတ်သေးဘူး။ ဖြစ်တဲ့အတန်းတွေပဲ ပိတ်တယ်။ covid ကြောင့် သေတဲ့လူတွေလည်းများနေပြီ။ ဒါတောင် covid ကြောင့်သေတာကို ဖုံးထားနေကြတာ ကျန်းမာရေးက Non CDM လူတွေလည်း အသုံးမကျဘူး ဘာမှထိထိရောက်ရောက် လုပ်ပေးတာမရှိဘူး

ဟု မိုင်းပျဉ်းမြို့နေ ဒေသခံတစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၁၆)ရက်နေ့တွင် ပြောသည်။

မိုင်းပျဉ်းမြို့နယ်အတွင်း  အခြေခံပညာကျောင်းများတွင် အသက်(၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁,၂၇၄)ဦး ပညာသင်ကြားလျက်ရှိကြောင်း နှင့် အောက်တိုဘာလ (၁၇)ရက်နေ့က စတင်ပြီး  ကျောင်းသားကျောင်းသူ (၅၈၈)ဦးကို Covid-19 ကာကွယ်ဆေး Sinovac များ ထိုးနှံပေးထားပြီးဖြစ်ကြောင်းသိရသော်လည်း ယနေ့ Covid-19 ကူးစက်ခံထားရသည့် ကျောင်းသား၊ ကျောင်းသူများမှာ  Covid-19 ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ မရှိကိုတော့ မသိရသေးပါ။