စင်ကာပူနိုင်ငံတွင် အမျိုးသမီးတစ်ဦးကို  မူယစ်ဆေးဝါး ကုန်သွယ်မှုဖြင့် ကွပ်မျက်

စင်ကာပူနိုင်ငံတွင် အမျိုးသမီးတစ်ဦးကို  မူယစ်ဆေးဝါး ကုန်သွယ်မှုဖြင့် ကွပ်မျက်
ဇူလိုင် 29, 2023 | နိုင်ငံတကာသတင်း
By Mr John

 စင်ကာပူနိုင်ငံတွင် နှစ် (၂၀) နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် သေဒဏ်ကျ အမျိုးသမီးတစ်ဦးကို ကွပ်မျက်လိုက်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။ 

မူးယစ်ဆေးဝါးကုန်သွယ်မှုဖြင့် သေဒဏ်ချမှတ်ခံရသည့် အသက် (၄၅) နှစ်အရွယ် စင်ကာပူနိုင်ငံသူ အမျိုးသမီးကို ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့က ကွပ်မျက်လိုက်ကြောင်း သိရသည်။

လူ့အခွင့်အရေးအုပ်စုများက ကွပ်မျက်မှု မလုပ်ရန် ပန်ကြားမှုများရှိသော်လည်း စင်ကာပူအစိုးရက ထိုအမျိုးသမီးကို ကွပ်မျက်လိုက်ခြင်း ဖြစ်သည်။ 

သေဒဏ်က ရာဇဝတ်မှုများကို ဟန့်တားရန် အကျိုးသက်ရောက်မှု မရှိကြောင်း လူ့အခွင့်အရေးအုပ်စုများက ထောက်ပြကြသည်။ 

"Saridewi Binte Djamani ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့မှာ သေဒဏ်စီရင်ခဲ့ပါတယ်" ဟု မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာန Central Narcotics Bureau က ထုတ်ပြန်ချက်တွင် ပြောထားသည်။

သူမက အလေးချိန် (၃၀.၇) ဂရမ်ထက် မလျော့နည်းသော ဘိန်းဖြူကုန်သွယ်မှု ကျူးလွန်ခဲ့ကြောင်းနှင့် ထိုဘိန်းဖြူပမာဏမှာ စင်ကာပူတွင် သေဒဏ်ချမှတ်နိုင်သော ပမာဏထက် (၂) ဆကျော်သည်ဟု ဆိုသည်။ 

ယခု ကွပ်မျက်လိုက်သည့် Djamani ကို ၂၀၁၈ ခုနှစ်က သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနက ပြောသည်။

Djamani က သူမ၏ သေဒဏ်ပြစ်ဒဏ်ကို အယူခံဝင်ခဲ့ပြီး အယူခံတရားရုံးက ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့တွင် ပယ်ချခဲ့ကြောင်းနှင့် သမ္မတထံသို့ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံမှုလည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။ 

Djamani မှာ စင်ကာပူတွင် ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး သေဒဏ်စီရင် ကွပ်မျက်ခံရသည့် အမျိုးသမီး ဖြစ်လာသည်။ 

ပြီးခဲ့သည့်  ၂၀၀၄ ခုနှစ်က Yen May Woen အမည်ရှိ စင်ကာပူနိုင်ငံသူ အမျိုးသမီးကို မူးယစ်ဆေးဝါးကုန်သွယ်မှုဖြင့် သေဒဏ်စီရင် ကွပ်မျက်ခဲ့သည်။

စင်ကာပူအစိုးရက COVID-19 ကပ်ရောဂါကာလအတွင်း သေဒဏ်စီရင်မှုများကို (၂) နှစ်ကြာ ရပ်ဆိုင်းထားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် မတ်လတွင် ပြန်လည်လုပ်ဆောင်လာခဲ့ရာ Djamani မှာ (၁၅) ဦးမြောက် သေဒဏ်စီရင်ခံရသည့် အကျဥ်းသားဖြစ်လာသည်။ 

အသက် (၅၇) နှစ်အရွယ် Mohd Aziz bin Hussain ကိုလည်း ဘိန်းဖြူ (၅၀) ဂရမ် ကုန်သွယ်မှုဖြင့် ဇူလိုင်လ (၂၆) ရက်နေ့တွင် ကွပ်မျက်ခဲ့သည်။



လူ့အခွင့်အရေးအုပ်စုတစ်ခု၏ အဆိုအရ လာမည့် ဩဂုတ်လ (၃) ရက်နေ့တွင်လည်း မူးယစ်ဆေးဝါးအမှုဖြင့် သေဒဏ်ချမှတ်ခံရသူတစ်ဦးကို ကွပ်မျက်ရန် စီစဥ်ထားကြောင်း သိရသည်။ 

စင်ကာပူနိုင်ငံမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် အပြင်းထန်ဆုံး ဥပဒေများ ကျင့်သုံးနေသည့် ကမ္ဘာ့နိုင်ငံအချို့တွင် ပါဝင်သည်။ 

စင်ကာပူတွင် (၅၀၀) ဂရမ်ထက်ပိုသော ဆေးခြောက် သို့မဟုတ် (၁၅) ဂရမ်ထက်ပိုသော ဘိန်းဖြူ ရောင်းဝယ်ကုန်သွယ်မှုကို သေဒဏ်ချမှတ်နိုင်သည်။

#TachileikNewsAgency

Source: Al Jazeera, AFP