တရုတ်နိုင်ငံတွင် ဆန္ဒပြမှုများကြောင့်  COVID-19 စည်းမျဥ်းကန့်သတ်ချက်များ ဖြေလျှော့ 

တရုတ်နိုင်ငံတွင် ဆန္ဒပြမှုများကြောင့်  COVID-19 စည်းမျဥ်းကန့်သတ်ချက်များ ဖြေလျှော့ 
By Mr John

 တရုတ်နိုင်ငံ၏ တင်းကျပ်ပြင်းထန်သည့် ကပ်ရောဂါ ထိန်းချုပ်တိုက်ဖျက်ရေး မူဝါဒကို ကန့်ကွက်ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီးနောက် တစ်နိုင်ငံလုံးတွင် COVID-19 စည်းမျဥ်းကန့်သတ်ချက်များ ဖြေလျှော့လိုက်ကြောင်း အာဏာပိုင်များက ဒီဇင်ဘာလ (၇) ရက်နေ့၌ ကြေညာခဲ့သည်။ 

 

တင်းကျပ်သည့် lockdonw လုပ်ခြင်း၊ လူအစုလိုက်အပြုံလိုက် COVID-19 စစ်ဆေးခြင်းနှင့် ကူးစက်ခံထားရခြင်းမရှိသူကိုလည်း ကွာရန်တင်းနေစေခြင်းကဲ့သို့ စည်းမျဥ်းကန့်သတ်ချက်များ ပါဝင်သော တရုတ်အစိုးရ၏ zero-COVID မူဝါဒါကို ပြည်သူလူထုက ဒေါသထွက်ခဲ့ကြသည်။

ကပ်ရောဂါစတင်ခဲ့ချိန်ကတည်းက (၃) နှစ်ကြာပြီဖြစ်သည့် COVID-19 ကန့်သတ်ချက်များကို ပြည်သူလူထု မကျေနပ်ရာမှ တရုတ်နိုင်ငံတွင် ၁၉၈၉ ခုနှစ်က ဒီမိုကရေစီအရေး တိန်အန်မင်ရင်ပြင် ဆန္ဒပြမှုများနောက်ပိုင်း အပြင်းထန်ဆုံး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ 

ထိုဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ယခုအခါ တရုတ်အစိုးရက ၎င်း၏ COVID-19 စည်းမျဥ်းကန့်သတ်ချက်များကို တစ်နိုင်ငံလုံးအတိုင်အတာဖြင့် ဖြေလျှော့လိုက်ကြောင်း ကြေညာခဲ့သည်။

တရုတ်အစိုးရက ဖြေလျှော့လိုက်သည့် စည်းမျဥ်းများအရ ရောဂါလက္ခဏာမပြသူနှင့် ရောဂါမပြင်းထန်သော COVID-19 ကူးစက်ခံရသူများမှာ နေအိမ်၌သာ ကွာရန်တင်းနေနိုင်ပြီး ယခင်က ကူးစက်ခံရသူအားလုံး အစိုးရက စီစဥ်ထားသည့် နေရာများတွင် သီးခြားခွဲနေထိုင်ရသည့် သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်သည်။ 

တရုတ်တွင် ကူးစက်မှုအများစုမှာ ရောဂါလက္ခဏာမပြသည့် ကူးစက်မှုများနှင့် မပြင်းထန်သည့် ကူးစက်မှုများဖြစ်ကြောင်းနှင့် အထူးကုသမှု မလိုအပ်ကြောင်း ကျန်းမာရေးကော်မရှင် National Health Commission (NHC) က ထုတ်ပြန်ချက်တွင် ပြောထားသည်။

စည်းမျဥ်းကန့်သတ်ချက် ဖြေလျှော့မှုအရ စတိုးဆိုင်၊ စားသောက်ဆိုင်ကဲ့သို့ အများပြည်သူဆိုင်ရာ နေရာများသို့ သွားရောက်ရာတွင်လည်း ပြည်သူများအနေဖြင့် ၎င်းတို့၏ ဖုန်းတွင်ထည့်သွင်းထားရသည့် ကပ်ရောဂါဆိုင်ရာ ကျန်းမာရေးအခြေအနေပြ အက်ပလီကေးရှင်းက သတ်မှတ်ဖော်ပြသော အစိမ်းရောင်ကျန်းမာရေးကုတ် (green health code) ကို ပြသရန် မလိုအပ်တော့ဟု သိရသည်။

သို့သော် ဘိုးဘွားရိပ်သာများ၊ ဆေးရုံဆေးခန်းများ၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများသို့ ဝင်ရောက်ရာတွင်မူ green health code ကို ပြသနိုင်ရမည် ဖြစ်သည်။ 

စည်းမျဥ်းသစ်များအရ COVID-19 ရှိ မရှိ PCR နည်းလမ်းဖြင့် စစ်ဆေးမှုများကို စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများနှင့် ကူးစက်မှုအန္တရာယ်မြင့်မားသည့် နေရာများတွင်သာ လုပ်ဆောင်တော့မည် ဖြစ်သည်။ 

ထို့အတူ PCR စစ်ဆေးမှု အတိုင်းအတာနှင့် အကြိမ်ရေကိုလည်း လျှော့ချသွားမည်ဟု ဆိုသည်။

တရုတ်နိုင်ငံအတွင်း ပြည်နယ်ဖြတ်ကျော် ခရီးသွားလာသူများမှာ ယခင်ကကဲ့သို့ (၄၈) နာရီအတွင်း စစ်ဆေးထားသည့် COVID-19 ကင်းရှင်းကြောင်း စစ်ဆေးမှုရလဒ် ပြသရန် မလိုအပ်တော့ဘဲ မိမိသွားသည့်နေရာသို့ ရောက်ရှိချိန်တွင် COVID-19 စစ်ဆေးရန် မလိုအပ်တော့ကြောင်း သိရသည်။ 

တရုတ်အစိုးရက စည်းမျဥ်းကန့်သတ်ချက်များ ဖြေလျှော့မှုနှင့်အတူ အသက်ကြီးသူများကို COVID-19 ကာကွယ်ဆေးထိုးမှု အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု NHC က ပြောသည်။

#TachileikNewsAgency

Source: CNA, Reuters

Photo:  REUTERS/Thomas Peter, REUTERS/Aly Song,