မြန်မာ - ထိုင်းနယ်စပ်တွင် မူးယစ်ဆေးသယ်သည့်အဖွဲ့နှင့် ထိုင်းစစ်တပ်ပစ်ခတ်မှုအတွင်း ၆ ဦးသေ

Photo: Maesai Press
Photo: Maesai Press
မြန်မာ - ထိုင်းနယ်စပ်တွင် မူးယစ်ဆေးသယ်သည့်အဖွဲ့နှင့် ထိုင်းစစ်တပ်ပစ်ခတ်မှုအတွင်း ၆ ဦးသေ
By Tachileik News Agency

ရှမ်းပြည်နယ်နှင့် နယ်စပ်ဒေသဖြစ်သည့် ထိုင်းနိုင်ငံ ချင်းမိုင်ဧရိယာအတွင်း  ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့ နံနက်အစောပိုင်းတွင် မူးယစ်ဆေးသယ်လာသည့်အဖွဲ့နှင့် နယ်စပ်ကင်းလှည့်နေသည့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ဆေးသယ်သည့်အဖွဲ့က (၆)ဦးအသေဖမ်းမိကာ ကျန်အဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ထိုင်းစစ်တပ်က နယ်စပ်ကင်းလှည့်နေစဉ် လက်နက်ကိုင်ကာ ကျောပိုးအိတ်များသယ်လာသည့် လူဦးရေ (၂၀)ဝန်းကျင်အဖွဲ့ကို တွေ့သဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှု (၁၀)မိနစ်ဝန်းကျင်ဖြစ်ပွားခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် ထိုင်းစစ်တပ်က အခင်းဖြစ်နေရာအား စစ်ဆေးရှာဖွေရာ သေဆုံးနေသည့်အမျိုးသား (၆)ဦး၏အလောင်းနှင့် ကျောပိုးအိတ် (၁၉)လုံး၊ သေနတ် (၃)လက်နှင့် ဖုန်း (၄)လုံးကို ရှာဖွေတွေ့ရကြောင်း သိရသည်။

ကျောပိုးအိတ်များအတွင်းမှ ကတ်တမင်းမူးယစ်ဆေးဝါး (၃၀၀) ကီလိုဂရမ်ကို စစ်ဆေးတွေ့ရသည်ဟု သိရသည်။

ယင်းနောက် အခင်းဖြစ်နေရာနှင့် ဆက်စပ်နေရာများအား ရှာဖွေရာ ချောင်းအတွင်း ပုန်းအောင်းနေသည့် မူးယစ်ဆေးသယ်သူများဟု ယူဆရသည့် အမျိုးသား (၂)ဦး သို့မဟုတ် (၃)ဦးကို တွေ့ရပြီး ၎င်းတို့မှာ တောအုပ်အတွင်း ထွက်ပြေးလွတ်မြောက်သွားကြသည်ဟု သိရသည်။

ဖမ်းဆီးရမိသည့်မူးယစ်ဆေးများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံအပ်နှံ၍ ဆက်လက်ဆောင်ရွက်နေကြောင်း သိရပြီး မူးယစ်ဆေးသယ်သူများသည် မည်သည့်နိုင်ငံသားဖြစ်သည်ကို ဖေါ်ပြထားခြင်းမရှိသည်ကို တွေ့ရသည်။



Source: Bangkok Post