တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအုပ်စုအတွင်း မီးလောင်မှု ဖြစ်ပွား၍ နေအိမ်(၃)လုံး မီးလောင် ဆုံးရှုံး

တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအုပ်စုအတွင်း မီးလောင်မှု ဖြစ်ပွား၍ နေအိမ်(၃)လုံး မီးလောင် ဆုံးရှုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စုအတွင်းရှိ ဟွေပါလန်း(ပလောင်)ရွာတွင် မီးလောင်မှု ဖြစ်ပွားရာမှ နေအိမ်(၃)လုံး နှင့် လယ်ထွန်စက် (၂)လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စုအတွင်း ဟွေပါလန်း(ပလောင်)ရွာတွင်  ၂၀၂၄ခုနှစ် မတ်လ(၂၃)ရက်နေ့ နေ့လည်(၂)နာရီကျော်အချိန်က မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်သည်။

မီးလောင်ရသည့် အကြောင်းအရင်းမှာ  မြေစိုက်နေအိမ်၏ အိမ်အမိုးပေါ်တွင် ဆိုလာပြားဖြင့် ဘထ္ထရီအားသွင်းထားရာမှ  အပူလွန်ကဲပြီး နေအိမ်၏ သက်ကယ်မိုးသို့ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

 

မီးလောင်မှုကြောင့် သက်ကယ်မိုး ပျဉ်ကာ ဝါးခြမ်းခင်း နေအိမ်(၂)လုံး နှင့် သွပ်မိုး ပျဉ်ကာ ဝါးခြမ်းခင်း နေအိမ် (၁)လုံး စုစုပေါင်း နေအိမ်(၃)လုံး အပြင် လက်တွန်း လယ်ထွန်စက် (၂)စီး ပါ မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့် ကျေးရွာမှာ မြို့ထဲနှင့် (၂၅)မိုင်ဝန်းကျင်ကွာဝေးသလို တောင်ပေါ်ဒေသကျေးရွာဖြစ်သည့်အတွက် မီးသတ်ကား အလွယ်တကူ သွားလာရ ခက်ခဲ၍ မီးသတ်ကားမှာ ညနေ(၄)နာရီဝန်းကျင်မှသာ ရောက်ရှိကြောင်း သိရသည်။