အဖေပြီးတော့ သား ကမ္ဘောဒီးယား

အဖေပြီးတော့ သား ကမ္ဘောဒီးယား
ဇူလိုင် 27, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ကမ္ဘောဒီးယားနိုင်ငံကို (၃၈)နှစ်ကြာ အာဏာချုပ်ကိုင်ခဲ့သည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည်  ပြိုင်ဘက်အတိုက်အခံ ပါတီကို ဖြိုခွင်းပြီး ကျင်းပလိုက်သည့် ရွေးကောက်ပွဲကို အနိုင်ရပြီးနောက် ၎င်းအနေဖြင့် နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ဆက်လက် မရှိတော့ဘဲ ၎င်း၏ သားဖြစ်သူကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တော့မည် ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ သက်တမ်းရှည် အာဏာရှင်ဖြစ်သည့်  ဟွန်ဆန်သည်  လူထုထောက်ခံမှု အားကောင်းသော ပြိုင်ဘက် အတိုက်အခံပါတီကို ရွေးကောက်ပွဲမဝင်နိုင်ရန် ပိတ်ပင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၃) ရက် အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ Cambodian People’s Party (CPP) ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ဝန်ကြီးချုပ်ရာထူးမှ ဆင်းတော့မည်ဖြစ်ပြီး အကြီးဆုံး သားဖြစ်သူ ဟွန်မာနတ်က လာမည့် သီတင်းပတ်များအတွင်း ဝန်ကြီးချုပ်ဖြစ်လာမည်ဟု အသက် (၇၀) နှစ်အရွယ် ဟွန်ဆန်က ဇူလိုင်လ (၂၆) ရက်နေ့တွင် အတည်ပြုခဲ့သည်။

"ဟွန်မာနတ်က လာမယ့် သီတင်းပတ်တွေမှာ ဝန်ကြီးချုပ်ဖြစ်လာပါမယ်" ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောသည်။ 

လာမည့် ဩဂုတ်လ (၁၀) ရက်နေ့တွင် ဟွန်ဆန်က သားဖြစ်သူကို နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပြီး အာဏာလွှဲပေးသွားမည်ဖြစ်ကာ ၎င်းကိုယ်တိုင်ကမူ အာဏာရပါတီ CPP ဥက္ကဌနှင့် အမျိုးသားလွှတ်တော်အမတ်အဖြစ် ဆက်ရှိနေမည် ဖြစ်သည်။

ရွေးကောက်ခံ ကမ္ဘောဒီးယားလွှတ်တော်သစ် အစည်းအဝေးများ ဩဂုတ်လ (၂၁) ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အစိုးရအဖွဲ့သစ်က ဩဂုတ်လ (၂၂) ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ကြောင်း အာရှတိုက်၏ သက်တမ်းအရှည်ကြာဆုံးနှင့် ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး နိုင်ငံခေါင်းဆောင်များအနက် တစ်ဦးဖြစ်သူ ဟွန်ဆန်က ဆိုသည်။ 

ဖခင်၏ အရိုက်အရာကို ဆက်ခံရယူပြီး ဝန်ကြီးချုပ်ဖြစ်လာမည့် ဟွန်ဆန်၏ အကြီးဆုံးသား ဟွန်မာနတ်မှာ ကမ္ဘောဒီးယားစစ်တပ် အကြီးအကဲ ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးလည်း ဖြစ်သည်။

အသက် (၄၅) နှစ်အရွယ် ဟွန်မာနတ်က အမေရိကန်စစ်တက္ကသိုလ် ဝက်စ်ပွိုင့် (West Point) ကျောင်းဆင်းတစ်ဦးဖြစ်ပြီး နယူးယော့ခ်တက္ကသိုလ် New York University (NYU) တွင် မဟာဘွဲ့နှင့် ဗြိတိန်နိုင်ငံ ဘရစ္စတိုးတက္ကသိုလ် Bristol University မှ စီးပွားရေးပါရဂူဘွဲကို ရရှိခဲ့သည်။ 

ပညာတတ် လူလတ်ပိုင်းတစ်ဦးဖြစ်သူ ဟွန်မာနတ် ဝန်ကြီးချုပ်ဖြစ်လာသော်လည်း တရုတ်နှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးရှိသည့် ကမ္ဘောဒီးယားတွင် သိသာထင်ရှားသော နိုင်ငံရေးအပြောင်းအလဲကို မြင်တွေ့နိုင်ဖွယ်မရှိကြောင်း သုံးသပ်ထားကြသည်။

 

Source: CNN, Khaosod