ကျွန်းစုမြို့နယ် ရှော်တောမော်ကျေးရွာရဲစခန်း ပစ်ခတ်ခံရ

ကျွန်းစုမြို့နယ် ရှော်တောမော်ကျေးရွာရဲစခန်း ပစ်ခတ်ခံရ

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ ရှော်တောမော်ကျေးရွာရဲစခန်းကို ၂၀၂၃ခုနှစ် ဇူလှိုင် (၂၅ )ရက်နေ့ ည(၆)နာရီခွဲကျော်တွင် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

“လက်နက်ငယ် မောင်းပြန်နဲ့ဝင်ပစ်တာပါ။ ရေလမ်းခရီးဆိုတော့ ပစ်ပြီးမိနစ်ပိုင်းအတွင်း ပြန်လည်ဆုတ်ခွာလာခဲ့တာပါ။ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုက မကြားရသေးဘူး။ ထိရင်လည်း သတင်းဖုံးထားလို့ ကျွန်တော်တို့ဖက်က ထောက်လှမ်းရ ခက်တာမျိုးရှိတယ်။”ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ (၂၀)ရက်နေ့ကလည်း ဘဒ္ဒနဲကျေးရွာအုပ်စု တဆားဂလက်ဝအနီးတွင် စစ်ကောင်စီရေတပ်နှင့် ပျူစောထီးပူးပေါင်းလှေငယ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

စစ်‌ကောင်စီတပ်များဘက်က ပြန်လည်ပစ်ခတ်ချိန်မရဘဲ အဝေးရောက်မှသာ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ယင်းလှေမှာ နစ်မြှုပ်သွားပြီး စစ်ကောင်စီရေတပ်နှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်သေဆုံးသူ ရှိနိုင်သည်ဟုလည်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ကပြောသည်။

#TachileikNewsAgency

Photo :ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ