ရခိုင်ပြည်နယ်အတွင်း မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင် ရှိ စစ်ကောင်စီတပ်ရင်းများကို AA တိုက်ခိုက်လျှက်ရှိပြီး တချို့ကို သိမ်းပိုက်ထားရှိ

ရခိုင်ပြည်နယ်အတွင်း မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင် ရှိ စစ်ကောင်စီတပ်ရင်းများကို AA တိုက်ခိုက်လျှက်ရှိပြီး တချို့ကို သိမ်းပိုက်ထားရှိ
ဇန်နဝါရီ 21, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်အတွင်း မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင် တို့ရှိ စစ်ကောင်စီတပ် ခမရ တပ်ရင်းများတွင် တိုက်ပွဲများပြင်းထန်‌နေပြီး စခန်းတချို့ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ မြို့များရှိ စစ်ကောင်စီ၏ ခမရတပ်ရင်းများဖြစ်ကြသည့် မြောက်ဦးအခြေစိုက် (၃၇၇)၊ (၃၇၈) နှင့် (၅၄၀)၊ မင်းပြားအခြေစိုက် (၃၇၉)၊ (၃၈၀)နှင့် (၅၄၁)၊ ကျောက်တော်အခြေစိုက်တပ် ရင်း (၃၇၄)၊ (၃၇၅) နှင့် (၃၇၆)တို့အပါအဝင် ရသေ့တောင်အ ခြေစိုက် (၅၃၆)၊ (၅၃၇)နှင့် (၅၃၈)တပ်ရင်းအခြေစိုက်နေရာများ၌လည်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

အဆိုပါ စစ်ကောင်စီ၏ တပ်စခန်းများထဲမှ အချို့ကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကာ လက်နက်ချအညံ့မခံသေးဘဲ AA နှင့် အရပ်သားပြည်သူများအား ဆက်လက်တိုက်ခိုက်နေသေးသော တပ်ရင်းများကိုလည်း ဆက်လက်ချေမှုန်းတိုက်ခိုက်နေသည်ဟု ဆိုသည်။

AA သည် ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ကျောက်တန်း၊ အောင်သာစည်ကျေးရွာအနီးရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းနှင့် ထီးစွဲကျေးရွာအနီးရှိ အခြေစိုက်တပ်စခန်းနှစ်ခုတို့အား ပြီးခဲ့သော ရက်များအတွင်းက အပြီးသတ် သိမ်းပိုက်ရယူထားပြီးဖြစ်သည်ဟု သိရသည်။

ပေါက်တောနှင့် မင်းပြားမြို့နယ်တို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား မြိုတွင်းတိုက်ပွဲများမှာ နေ့စဉ်နီးပါး ပုံမှန်ရှိနေဆဲဖြစ်ကာ အဆိုပါ မြို့တွင်းတိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာများကို သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူများနေထိုင်ရာ‌ကျေးရွာများသို့လည်း လက်နက်ကြီး၊ လေကြောင်းနှင့် ရေကြောင်းပစ်ခတ်မှုများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။

ဘူးသီးတောင်မြို့နှင့် အနီးအနားကျေးရွာများသို့ လက်နက်ကြီးများကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ လက်နက်ကြီးများထဲမှ (၁၀) လုံးခန့်မှာ စေတီတောင်ကျေးရွာနှင့် အနီးတစ်ဝိုက်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အသက် (၁၃) နှစ်အရွယ် ဒေသခံကလေးငယ်တစ်ဦးမှာ ကျည်စထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။