မန္တလေးမြို့တွင် အာဏာသိမ်း စစ်တပ်ထောက်ခံပွဲ ပြုလုပ်သူများကို အရပ်ဝတ်လုံခြုံရေးများ၊ ကင်းများဖြင့် လုံခြုံရေးယူပေးထား

မန္တလေးမြို့တွင် အာဏာသိမ်း စစ်တပ်ထောက်ခံပွဲ ပြုလုပ်သူများကို အရပ်ဝတ်လုံခြုံရေးများ၊ ကင်းများဖြင့် လုံခြုံရေးယူပေးထား
ဇန်နဝါရီ 31, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် စစ်တပ် ထောက်ခံပွဲအား မန္တလေးတွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ နံနက် (၁၀)နာရီမှစတင်နေပြီး တပ်ထောက်ခံသူများက ၆၂ လမ်းနှင့် ၃၈ လမ်းမှစတင်ကာ လမ်းလျှောက်ထွက်လာကြပြီး ၎င်းတို့အား အရပ်ဝတ်များဖြင့် လုံခြုံရေးများ၊ ကင်းများဖြင့် လုံခြုံရေးယူပေးထားသည်ကို တွေ့ရသည်။

စထွက်လာတော့ အင်အား မများဘူး။ သူ့တိုပေါင်းမယ်ထင်တယ်။ လမ်းလျှောက်ပြီး မြို့အနောက်ထဲ ဆင်းသွားကြတယ်။ လူတွေကသူတို့ကို အဖက်မတန်သလို ကြည့်နေကြတာ

ဟု မန္တလေးမြို့ခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းတစ်နှစ်ပြည့်အဖြစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အသံတိတ်သပိတ်ပြုလုပ်ကြမည့်ပြည်သူများကို သပိတ်မစတင်နိုင်ရန် ကြီးလေးသည့်ပြစ်ဒဏ်များဖြင့် ခြိမ်းခြောက်ဖမ်းဆီးမှုများလုပ်နေသည့် အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အား ထောက်ခံကြောင်းပွဲများကို စီစဉ်လာသည်ကိုတွေ့ရပြီး မန္တလေးမြို့တွင်လည်း လူစည်ကားရာနေရာ (၃) နေရာတွင် ထောက်ခံပွဲပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖေါ်မှုမှန်သမျှကို ပစ်သတ်ခြင်းအပါအဝင် အကြမ်းဖက်နှိမ်နှင်းနေသည့် အာဏာသိမ်းစစ်ကောင်စီက တပ်ထောက်ခံပွဲများကို လုံခြုံရေးရယူပေးပြီး စီစဉ်လုပ်ဆောင်ပေးလေ့ရှိသည်ကို တွေ့ရသည်။

ပတ်ကင်းတွေရော ၊ ကင်းပုံးတွေရောချထားတာ တစ်မြိုလုံးပဲ။ တပ်ထောက်ခံပွဲလုပ်နေတဲ့သူတွေကို သက်သက်လုံခြုံရေးလုပ်ထားပေးတာ

ဟု မန္တလေးမြိုခံတစ်ဦးက ဆိုသည်။

နိုင်ငံ့အာဏာသိမ်းခံရသည့် တစ်နှစ်ပြည့်ဖြစ်သည့် လာမည့် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူများက အသံတိတ်သပိတ်ပြုလုပ်မည်ဟု ကြေညာထားရာ အာဏာသိမ်းစစ်ကောင်စီက ဆိုင်များ၊ ဈေးများ မဖွင့်မနေရ ခြိမ်းခြောက်စေခိုင်းခြင်း၊ အသံတိတ်သပိတ်တွင် ပါဝင်မည့်အကြောင်း လူမှုကွန်ယက်တွင် ရေးသားသူများအား စောင့်ကြည့် ဖမ်းဆီးခြင်း၊ ဇန်နဝါရီ (၃၁) ရက်နေ့မှစတင်သည့် တပ်ထောက်ခံပွဲကဲ့သို့ ပွဲများစီစဉ်ခြင်းများကို အာဏာသိမ်းအဖွဲ့၏ လက်အောက်ခံဌာနများကို အသုံးပြု၍ အင်တိုက်အားတိုက် လုပ်လာသည်ကို တွေ့ရသည်။