တာချီလိတ်စည်ပင်ပိုင် မြို့မဈေးအနီးရှိ နမ့်ယွန်းချောင်းမှာ ရေချောင်း မဟုတ်တော့ဘဲ အမှိုက်ချောင်းဖြစ်နေ

တာချီလိတ်စည်ပင်ပိုင် မြို့မဈေးအနီးရှိ နမ့်ယွန်းချောင်းမှာ ရေချောင်း မဟုတ်တော့ဘဲ အမှိုက်ချောင်းဖြစ်နေ
ဧပြီ 20, 2023 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း စည်ပင်သာယာရေးဌာနပိုင်ဖြစ်သည့် မြို့မ(ဝမ်ကောင်း)ဈေးအနီးရှိ နမ့်ယွန်းချောင်းအတွင်း စည်ကမ်းမဲ့ စွန့်ပစ်အမှိုက်များမှာ လနှင့်ချီကြာမြှင့်စွာ ရှင်းလင်းနိုင်ခြင်း မရှိဖြစ်နေရာမှ အမှိုက်များမှာ ပိုများလာနေ၍ ရေချောင်းမဟုတ်တော့ဘဲ အမှိုက်ချောင်းဖြစ်နေပြီဟု ဒေသခံများက ပြောဆိုနေကြသည်။ 

"ဒီချောင်းမှာ အမှိုက်တွေ အရမ်းများလာနေပြီ။ အမှိုက်များရတာကလည်း UBL အမှိုက်သိမ်းကားက ပုံမှန်မလာဘူး။ အဲ့လို အမှိုက်ကား ပုံမှန်မလာတော့ ဒီချောင်းထဲကို လူတွေက ညဆို အမှိုက်တွေကို ဆိုင်ကယ်တွေနဲ့သယ်လာပြီးတော့ကို ပစ်တဲ့အထိပဲ။ အခုဆို ရေချောင်းမဟုတ်တော့ဘဲ အမှိုက်ချောင်းဖြစ်နေပြီ"ဟု ဒေသခံ ကိုတင်မြင့်က Tachileik News Agency သို့ ပြောသည်။ 

နှစ်စဉ်မိုးရွာသွန်းသည့် ကာလများတွင် ရေကြီးရေလျှံဖြစ်ပေါ်ခြင်းမှာ နမ့်ယွန်းချောင်းအတွင်း အမှိုက်များကြောင့် ရေလျှံပြီး ချောင်းတလျှောက်ရှိ နေအိမ်များအတွင်းအထိ ရေများ ဝင်လေ့ရှိသည်။

"အမှိုက်ပစ်တဲ့လူကလည်း စည်းကမ်းမရှိပစ်ကြသလို၊ စည်ပင်အနေနဲ့လည်း ဒီချောင်းကို ဖော်နိုင်ရင်ကောင်းမယ်။ ဒေသခံတွေအတွက် ရေရှည်စီမံကိန်းပေါ့။ မိုးရွာတိုင်း ဒီချောင်းထဲက အမှိုက်တွေကြောင့် ရေစီးရေလာမကောင်းတော့အလွယ်တကူ ရေလျှံတာတွေဖြစ်တယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။



နမ့်ယွန်းချောင်းအတွင်း၌ အမှိုက်များမှာ ၂၀၂၃ခုနှစ် ဧပြီလ(၂၀)ရက်နေ့အထိ တွေ့မြင်ရဆဲဖြစ်သည်။