အချိုရည်၊ ကော်ဖီ/တီးမစ် နှင့် နို့ဆီ/နို့စိမ်းမျိုးစုံတို့ကို တာချီလိတ်-မယ်ဆိုင်နယ်စပ်ကနေလည်း မေလ(၁)ရက်နေ့က စပြီး တင်သွင်းခွင့်မပြု 

အချိုရည်၊ ကော်ဖီ/တီးမစ် နှင့် နို့ဆီ/နို့စိမ်းမျိုးစုံတို့ကို တာချီလိတ်-မယ်ဆိုင်နယ်စပ်ကနေလည်း မေလ(၁)ရက်နေ့က စပြီး တင်သွင်းခွင့်မပြု 

စစ်တပ်က အာဏာသိမ်းပြီးနောက် နယ်စပ်ကုန်သွယ်ရေးတွင် စတင်ကန့်သတ်မှုအဖြစ် နယ်စပ်ဝင်ပေါက်အသီးသီးမှနေ၍ အချိုရည်၊ ကော်ဖီ၊ ကော်ဖီ/တီးမစ်မျိုးစုံတင်သွင်းခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ (၁) ရက်နေ့မှစ၍ တင်သွင်းခွင့် ယာယီကန့်သတ်လိုက်ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်မှလည်း အပါအဝင်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနက တာချီလိတ် ကုန်သည်များကို အသိပေးထားသည်။

နယ်စပ်ဒေသများတွင် တစ်ဖက်နိုင်ငံများမှ  အချိုရည်၊ ကော်ဖီမစ်မျိုးစုံ၊ တီးမစ်မျိုးစုံ၊ Instant Coffee၊ နို့ဆီ/နို့စိမ်း စသည့် စားသောက်ကုန်ပစ္စည်းများကို သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခွင့်ပြုနေရာမှ စစ်အာဏာသိမ်းပြီးနောက် နယ်စပ်ကုန်သွယ်ရေးကန့်သတ်မှု ပထမအဆင့်အနေဖြင့် တင်သွင်းခွင့်ကန့်သတ်လိုက်ပြီး ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုမည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

"အခု ကန့်သတ်လိုက်တဲ့ စားသောက်ကုန်တွေက ပြည်သူတွေ နေ့စဉ် စားသုံးနေတဲ့အထဲမှာပါတယ်။ အခုလို လုပ်လိုက်တာက ဟိုးအရင် စစ်အစိုးရခေတ်ကလို အထက်လူကြီးနဲ့ပိုင်ရင် ပိုင်သလို လုပ် သိသာသိစေ၊ မမြင်စေနဲ့ဆိုတာမျိုးတွေ ဖြစ်လာဖို့ မှောင်ခိုခေတ်ကို ဦးတည်နေသလိုပဲ။ နောက်ပြီး ကျွန်တော်တို့ ထပ်ကြားရတာက စစ်တပ် နဲ့ နီးစပ်သူဆိုရင် ဗျူဟာမှူးလက်မှတ်တို့ တိုင်းမှူးလက်မှတ်တို့ ပါရင် တင်သွင်းခွင့်ရမယ်ဆိုပြီးတောင် တံတားပေါ်မှာ အသံတွေထွက်နေတယ်။ အချိုရည်တင်သွင်းတဲ့လူတွေကလည်း မြန်မာ FDA အထိကို ငွေကုန်ခံပြီး စာရွက်စာတမ်းတွေနဲ့ တရားဝင်လုပ်ထားရတာတွေရှိတယ်။ အခုက အရင်လို မရတော့ဘူးဆိုတော့ ဘက်ဆက်လုပ်ကြရတော့မလဲ"ဟု တာချီလိတ် - မယ်ဆိုင် တံတား(၂)က တဆင့် ကုန်ပစ္စည်း တင်သွင်းသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 



စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်ခြင်းကို လက်မခံသည့် ပြည်သူများက စစ်တပ်ပိုင်၊ စစ်တပ်နှင့် ဆက်နွှယ်သည့်လုပ်ငန်းများမှ ကုန်ပစ္စည်းများအား မသုံးစွဲ၊ မရောင်းဝယ်သည့် သပိတ်မှောက်မှုကြောင့် စစ်တပ်၊ စစ်တပ်နှင့်ဆက်နွှယ်သည့်လုပ်ငန်းများမှ ထုတ်လုပ်သည့် အရက်၊ ဘီယာများအပြင် အချိုရည်၊ ကော်ဖီ၊ ကော်ဖီမစ်၊ Teamix ၊ နို့နှင့် နို့ထွက်ပစ္စည်းစသည့် ထုတ်ကုန်များမှာလည်း ဈေးကွက်ထိခိုက်နေခြင်းဖြစ်သည်။