ဦးနှောက်သေသွားသည့် ဗီယက်နမ်အမျိုးသား၏ ကိုယ်တွင်းအင်္ဂါများဖြင့် လူ (၄) ဦးကို အသက်ကယ်နိုင်ခဲ့

ဦးနှောက်သေသွားသည့် ဗီယက်နမ်အမျိုးသား၏ ကိုယ်တွင်းအင်္ဂါများဖြင့် လူ (၄) ဦးကို အသက်ကယ်နိုင်ခဲ့
ဇူလိုင် 22, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဗီယက်နမ်နိုင်ငံတွင် ယာဥ်မတော်တဆမှုကြောင့် ဦးနှောက်သေသွားသည့် အသက် (၃၂ ) နှစ်အရွယ် အမျိုးသားတစ်ဦးက ၎င်း၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများကို လှူဒါန်းခဲ့ပြီး လူ (၄) ဦးကို အသက်ကယ်ပေးခဲ့သည်။ 

Phu Tho ပြည်နယ် Yen Lap ခရိုင်တွင် နေထိုင်သူ D.V.Th အမည်ရှိ အမျိုးသားမှာ အလုပ်မှ နေအိမ်သို့ ပြန်လာစဥ် ပြင်းထန်သည့် ယာဥ်မတော်တဆမှု ကြုံခဲ့ရသည်။

၎င်း၏ မိသားစုက D.V.Th ကို ပြည်နယ်အတွင်းရှိ Dan Lap ခရိုင် ဆေးရုံသို့ ကနဦး ရွှေ့ပြောင်းခဲ့ပြီးနောက် ဟနွိုင်းမြို့ရှိ Viet Duc Friendship ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။ 

၎င်းကို ဆရာဝန်များက အစွမ်းကုန်ကြိုးစား ကုသပေးခဲ့ကြသော်လည်း ထိုအမျိုးသားမှာ ဦးနှောက်သေသွားခဲ့သည်။ 

D.V.Th အသက်မရှင်နိုင်တော့ကြောင်း သိရှိရပြီးနောက် အသည်းအသန်း နာမကျန်းဖြစ်နေသည့် လူနာများကို အသက်ကယ်ရန် ၎င်း၏ ကိုယ်တွင်းအင်္ဂါများအား လှူဒါန်းရန် မိသားစုက သဘောတူခဲ့ကြသည်။

ဦးနှောက်သေသွားသည့် D.V.Th ၏ နှလုံး၊ အသည်းနှင့် ကျောက်ကပ်တစ်စုံတို့ဖြင့် လူနာ (၄) ဦးကို အသက်ကယ်ပေးနိုင်ခဲ့သည်။ 

Bamboo Airways လေကြောင်းလိုင်းက D.V.Th ၏ နှလုံးကို ဟနွိုင်းမြို့မှ Hue မြို့သို့ ပို့ဆောင်ပေးရန် အထူးခရီးစဥ် ပျံသန်းပေးခဲ့ပြီး အောင်မြင်သည့် နှလုံးအစားထိုး ကုသမှုအတွက် ကူညီခဲ့သည်။ 

ထို့အတူ ဟနွိုင်းမြို့ရှိ Viet Duc Friendship ဆေးရုံတွင် ကုသမှုခံယူနေရသည့် လူနာ (၃) ဦးကိုလည်း D.V.Th ၏ အသည်းနှင့် ကျောက်ကပ်တစ်စုံတို့ဖြင့် အစားထိုးကုသပြီး အသက်ကယ်နိုင်ခဲ့ကြောင်းနှင့် လက်ရှိတွင် လူနာ (၄) ဦးလုံး အခြေအနေ တည်ငြိမ်မှုရှိကြောင်း သိရသည်။

#TachileikNewsAgency

Source: VNS

Photo : courtesy of the hospital