ဘေဂျင်းမြို့တွင် ကူးစက်မှုထပ်တွေ့၍ လူအစုလိုက်အပြုံလိုက် COVID-19 စစ်ဆေးမှုလုပ်မည်

ဘေဂျင်းမြို့တွင် ကူးစက်မှုထပ်တွေ့၍ လူအစုလိုက်အပြုံလိုက် COVID-19 စစ်ဆေးမှုလုပ်မည်
By Mr John

တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမြို့တွင် ဘားဆိုင်တစ်ဆိုင်နှင့် ဆက်နွယ်နေသည့် COVID-19 ကူးစက်မှု (၁၆၆)ဦး တွေ့ရှိရပြီးနောက် မြို့၏ လူဦးရေအထူထပ်ဆုံး Chaoyang ခရိုင်အတွင်း အစုလိုက်အပြုံလိုက် စစ်ဆေးမှု (၃) ကြိမ် လုပ်ဆောင်သွားမည်ဟု အာဏာပိုင်တွေက ကြေညာခဲ့သည်။ 

ဘားဆိုင်တည်ရှိရာ ဧရိယာအတွင်း နေထိုင်သူအားလုံးကို လာမည့် (၃) ရက်အတွင်း COVID-19 စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။ 

ဘေဂျင်းတွင် တွေ့ရှိရသည့် ကူးစက်မှုအရေအတွက်မှာ နိုင်ငံတကာစံနှုန်းများအရ နည်းပါးသော်လည်း တရုတ်အတွက်မှု များပြားသည့်အရေအတွက် ဖြစ်နေသည်။ 

ကမ္ဘာ့စီးပွားရေးတွင် အဓိကကျသည့် တရုတ်နိုင်ငံက COVID-19 လုံးဝကင်းစင်ရေး "zero Covid" မူဝါဒကို စွဲကိုင်ထားဆဲဖြစ်ကြောင်း သိရသည်။ 

ဘေဂျင်းတွင် တွေ့ရှိရသည့် ကူးစက်မှုများကို ခြေရာခံစစ်ဆေးခဲ့ရာ Chaoyang ခရိုင် Sanlitun ဧရိယာရှိ Heaven Supermarket ဘားဆိုင်နှင့် ဆက်နွယ်နေသည်ဟု အတည်ပြုနိုင်ခဲ့သည်။

Sanlitun ဧရိယာမှာ ဘေဂျင်းမြို့တွင် ဖျော်ဖြေ‌ရေးနေရာများနှင့် လူသိများသည့် နေရာလည်းဖြစ်သည်။

COVID-19 ကူးစက်မှုတစ်ခု တွေ့ရှိရပြီးနောက် Chaoyang ခရိုင်ရှိ လူဦးရေ ရာနှင့်ချီ နေထိုင်ကြသည့် အဆောက်အအုံ (၂) လုံးကို ဇွန်လ (၁၂) ရက်နေ့တွင် တင်းကျပ်စွာ lockdonw လုပ်ထားကြောင်း အိမ်ရာကော်မတီဝန်ထမ်းတစ်ဦးက Reuters သတင်းဌာနကို ပြောခဲ့သည်။ 

ဘေဂျင်းမြို့ခံအချို့၏ အဆိုအရ မကြာသေးမီအတွင်း Sanlitun ဧရိယာရှိ ဘားဆိုင်များ သွားရောက်ခဲ့ပါက အာဏာပိုင်များထံ သတင်းပို့ရန် ဖုန်းမှတစ်ဆင့် စာပို့ပြောကြားထားသည်ဟု သိရသည်။

ဘေဂျင်းတွင် ကူးစက်မှုကြောင့် အာဏာပိုင်တွေက အစောပိုင်း ဖြေလျှော့ပေးခဲ့သည့် COVID-19 စည်းမျဥ်းများကို ပြန်သတ်မှတ်ခဲ့သည်ဟု ဆိုသည်။ 

ဘေဂျင်းမြို့ရှိ ကလေးအများစုမှာ မူလအစီအစဥ်အတိုင်း လာမည့် သီတင်းပတ်တွင် ကျောင်းပြန်တက်နိုင်မည် မဟုတ်သေးကြောင်း တာဝန်ရှိသူတွေက ပြောသည်။ 

ဧပြီလ (၂၂) ရက်မှစပြီး ယခုအချိန်အထိ ဘေဂျင်းတွင် မြို့တွင်ကူးစက်မှု ၁,၉၉၇ ခု တွေ့ရှိထားကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် "zero Covid" မူဝါဒကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပြီး ကူးစက်ခံရသူများမှာ ကွာရန်တင်းစင်တာများ သို့မဟုတ် ဆေးရုံတွင် သီးခြားခွဲနေထိုင်ကြရမည် ဖြစ်သည်။

 ထို့အတူ ၎င်းတို့နှင့် အနီးကပ် ထိတွေ့မှုရှိခဲ့သူများမှာလည်း ကွာရန်တင်းစင်တာသို့ ရွှေ့ပြောင်းခံရမည်ဖြစ်ပြီး ကူးစက်ခံရသူ နေထိုင်ရာ ဧရိယာတဝိုက်ကို ချက်ချင်း lockdown လုပ်ကြောင်း သိရသည်။

တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့တွင်လည်း COVID-19 ကူးစက်မှုများကြောင့် တစ်မြို့လုံးကို (၂) လကြာ lockdown လုပ်ထားခဲ့သည်။ 

ထို့နောက် ရှန်ဟိုင်းတွင် lockdown ဖြေလျှော့ပေးခဲ့ပြီး (၁၀) ရက်အကြာ၌ ကူးစက်မှုအချို့ တွေ့ရှိလာရမှုကြောင့် ခရိုင် (၁၆) ခုအနက် (၁၄) ခုမှ မြို့ခံများ အားလုံးကို COVID-19 ရှိ မရှိ PCR (Polymerase Chain Reaction) စစ်ဆေးမှုလုပ်ရန် အမိန့်ထုတ်ခဲ့သည်။ 

Source: BBC, Reuters