COVID-19 စတင်တွေ့ရှိရာ ဝူဟန်မြို့တွင် လူ (၁) သန်းနီးပါးကို lockdown လုပ်

Photo: Reuters
Photo: Reuters
COVID-19 စတင်တွေ့ရှိရာ ဝူဟန်မြို့တွင် လူ (၁) သန်းနီးပါးကို lockdown လုပ်
By Mr John

COVID-19 ကပ်ရောဂါ ပထမဆုံး စတင်တွေ့ရှိခဲ့ရသည့် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ရောဂါလက္ခဏာမပြသည့် ကူးစက်မှု (၄) ခု တွေ့ရပြီးနောက် လူဦးရေ (၁) သန်းနီးပါးကို lockdown လုပ်ထားကြောင်း သိရသည်။ 

ဝူဟန်မြို့ ဆင်ခြေဖုံး Jiangxia တွင် ကူးစက်မှု (၄) ဦး တွေ့ရပြီးနောက် ထိုဒေသအတွင်း နေထိုင်ကြသူများကို ၎င်းတို့၏ နေအိမ်များ၌သာ နေထိုင်ကြရန် အမိန့်ထုတ်ထားသည်။

တရုတ်အစိုးရက လူအစုအပြုံလိုက်ကို စစ်ဆေးခြင်း၊ တင်းကျပ်သည့် သီးခြားခွဲနေထိုင်ရသော စည်းမျဥ်းများနှင့် ဒေသအလိုက် lockdown လုပ်မှုများ အပါအဝင် COVID-19 လုံးဝကင်းစင်ရေး "zero Covid" မဟာဗျူဟာကို ကျင့်သုံးနေသည်။ 

ထိုမဟာဗျူဟာကြောင့်လည်း တရုတ်တွင် ကပ်ရောဂါကြောင့် သေဆုံးမှုမှာ အခြား နိုင်ငံအများအပြားထက် များစွာလျော့နည်းသည်ဟု ဆိုသည်။

သို့သော် ထိုမဟာဗျူဟာအရ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများမှာ ကန့်သတ်ချက်များကြောင့် ဝန်ပိနေရပြီး ကန့်ကွက်ဝေဖန်မှုများလည်း မြင့်တက်နေသည်။ 

လူဦးရေ (၁၂) သန်းရှိသည့် ဝူဟန်မြို့တွင် လွန်ခဲ့သည့် (၂) ရက်က ပုံမှန်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့မှုအတွင်း ရောဂါလက္ခဏာမပြသည့် ကူးစက်မှု (၂) ခု တွေ့ခဲ့ရသည်။

ထိတွေ့မှုခြေရာခံ ရှာဖွေမှုမှတစ်ဆင့် နောက်ထပ် ကူးစက်မှု (၂) ခုကို တွေ့ခဲ့ရပြီးနောက် မကြာမီ lockdown အမိန့်ထုတ်ခဲ့သည်။ 

ဝူဟန်မြို့မှာ သိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ပထမဆုံး တွေ့ရှိခဲ့ရသည့် နေရာအဖြစ် ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ကမ္ဘာတဝန်း လူသိများလာခဲ့ပြီး တင်းကျပ်သည့် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သော ပထမဆုံးမြို့လည်း ဖြစ်သည်။

ထိုအချိန်က ဝူဟန်မြို့ကို တင်းကျပ်သည့် lockdown လုပ်မှုအပေါ် ကမ္ဘာတဝန်းက အံ့အားသင့်တုန်လှုပ်ခဲ့ကြသော်လည်း မကြာမီမှာပင် ကမ္ဘာတဝန်ရှိ မြို့များနှင့် နိုင်ငံအများအပြားတွင် ထိုကဲ့သို့ lockdown လုပ်ရမှုများ ရှိလာခဲ့သည်။ 

နောက်ပိုင်းတွင်မူ တရုတ်က COVID-19 ထိန်းချုပ်ရေးတွင် အောင်မြင်မှုရသည့် နိုင်ငံအဖြစ် သိလာကြပြီး ကန့်သတ်ချက်များကို အခြား နိုင်ငံအများအပြားထက် များစွာစောပြီး ရုပ်သိမ်းခဲ့သည်။

သို့သော် တရုတ်က အခြားနိုင်ငံအများစုတွင် ကျင့်သုံးနေသည့် ကိုရိုနာဗိုင်းရပ်စ်နှင့် အတူယှဥ်တွဲနေထိုင်ရေးထက် ကိုရိုနာဗိုင်းရပ်စ် လုံးဝကင်းစင်ရေး "zero Covid" မူဝါဒကို ဆက်လက်ကျင့်သုံးနေမှုကြောင့် ဒေသအလိုက် အကြိမ်ကြိမ် lockdown လုပ်နေခဲ့ပြီး ဝေဖန်မှုများရှိနေသည်။ 

Source: BBC