တာချီလိတ်မြို့ရှိ Covid-19 စောင့်ကြည့်စင်တာ(၃)ခုမှ  ပိုးတွေ့ (၄၉)ဦး သတ်မှတ်ရက် ပြည့်၍ နေအိမ်ပြန်

Photo: Covid-19 စောင့်ကြည့်စင်တာများ
Photo: Covid-19 စောင့်ကြည့်စင်တာများ
တာချီလိတ်မြို့ရှိ Covid-19 စောင့်ကြည့်စင်တာ(၃)ခုမှ  ပိုးတွေ့ (၄၉)ဦး သတ်မှတ်ရက် ပြည့်၍ နေအိမ်ပြန်
သြဂုတ် 22, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ဆေးရုံတင်စရာမလိုဘဲ Covid-19 စောင့်ကြည့်စင်တာများတွင် ထားရှိပြီး သတ်မှတ်ရက်(၁၁)ရက်ပြည့်၍ ယနေ့ ဩဂုတ်လ(၂၂)ရက်နေ့တွင် နေရာပေါင်း (၃)နေရာမှ (၄၉)ဦး နေအိမ်ပြန်ခွင့်ရသွားပြီဖြစ်ကြောင်း သိရသည်။

ဝမ်လုံး Covid-19 စောင့်ကြည့်စင်တာမှ (၂၄)ဦး နှင့် မိုးကုတ် Covid-19 စောင့်ကြည့်စင်တာမှ (၄)ဦးအပြင် အမျိုးသမီးများသာ သီးသန့် ထားရှိရန် ဖွင့်လှစ်ထားသည့် တာချီလိတ်ခရိုင်မိုးလုံလေလုံအားကစားရုံ Covid-19 စောင့်ကြည့်စင်တာမှ (၂၁)ဦး စုစုပေါင်း (၄၉)ဦးမှ နေအိမ်ပြန်ခွင့် ရရှိသွားခြင်း ဖြစ်သည်။

Covid-19 စောင့်ကြည့်စင်တာများတွင် စောင့်ကြည့်ကာလ(၁၁)ရက်ပြည့်၍ နေအိမ်ပြန်ခွင့်ရသွားကြသည် ဆိုသော်လည်း နေအိမ်တွင်း ဆက်လက်၍ (၇)ရက် သီးသန့်နေထိုင်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းကာလအတွင်း ဆေးရုံတက်ရန် မလိုသည့် Covid-19 ပိုးတွေ့သူများကို ဒေသအာဏာပိုင်များ ကြီးကြပ်သည့် Covid-19 စောင့်ကြည့်စင်တာများ အပြင် လုပ်ငန်းများနှင့် သက်ဆိုင်သည့် ဟိုတယ်များ၊ ဟုန်ပန်း၊ ရောင်နီဦး တို့တွင်လည်း ထားရှိကြောင်း သိရသည်။

 

Covid-19 ပိုးကူးစက်ခံထားရသူ (၂၁၀၀)ကျော်အနက် (၁၅၀၀)ဝန်းကျင်မှာ နေအိမ်ပြန်ခွင့်ရသွားကြပြီး  Covid-19 နှင့် ပတ်သက်၍ ဆေးရုံတွင် သေဆုံးသူ အနည်းဆုံး (၅၀)ဦးရှိနေပြီး ဆေးရုံတွင်မဟုတ်ဘဲ နေအိမ်တွင် မိမိအစီအစဉ်ဖြင့် Covid-19 စစ်ဆေးပြီး ပိုးတွေ့သေဆုံးကာ (၉၆)ပါးရောဂါဟု အမည်တပ်ပြီး သင်္ဂြိုလ်သည့် သေဆုံးသူများမှာလည်း ဩဂုတ်လအတွင်း အနည်းဆုံး (၆၀)ဦးအထက်ရှိနေကြောင်း သိရသည်။