မိုင်းဖြတ်မြို့ရဲ့ NLD ဥက္ကဌကို ဖမ်းဆီးပြီး ၅၀၅-က ဖြင့် အမှုဖွင့်

မိုင်းဖြတ်မြို့ရဲ့ NLD ဥက္ကဌကို ဖမ်းဆီးပြီး ၅၀၅-က ဖြင့် အမှုဖွင့်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ မြို့နယ်ဥက္ကဌ လည်းဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းလည်း ဖြစ်ခဲ့သူကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတို့က ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ မိုင်းဖြတ်မြို့နယ် ဥက္ကဌ ဦးအက်စ်မာဂမ် အား ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က  အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ် နှင့် ရဲတို့က လာရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းရန် လှုံ့ဆော်မှုကြောင့်ဟု ဆိုကာ မေလ(၄)ရက်နေ့တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ဦးအက်စ်မာဂမ် သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲရလဒ် ရှုံးနိမ့်ခဲ့သည်။

NLD ၏ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ နှင့် အနိုင်မရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ နိုင်ငံ့အာဏာသိမ်းခံထားရပြီးနောက် ဖမ်းဆီးခံရမှုများရှိခဲ့ပြီး၊ ဖမ်းမခံရသေးသူများကိုလည်း အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ် နှင့် ရဲတို့က  ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိသည့်အတွက် တိမ်းရှောင်နေရမှုများလည်းရှိနေပြီး အချို့မှာ အိမ်ကို ခေတ္တပြန်လာစဉ် ဖမ်းခံရသူများလည်း ရှိနေသည်။