တာချီလိတ်မြို့တွင် ဆိုင်ကယ်စီးရင်း အိတ်လွယ်ထားပါက လုယက်ခံရနိုင်၍ အိတ်မလွယ်ထားကြရန် ကြုံခဲ့ရသူများက အသိပေး

တာချီလိတ်မြို့တွင် ဆိုင်ကယ်စီးရင်း အိတ်လွယ်ထားပါက လုယက်ခံရနိုင်၍ အိတ်မလွယ်ထားကြရန် ကြုံခဲ့ရသူများက အသိပေး

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ်စီးပြီး အိတ်လွယ်ထားသူများကို လိုက်လံဆွဲလုယူသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေလျက်ရှိသည့်အတွက် ဆိုင်ကယ်မောင်းသူ သို့မဟုတ် ဆိုင်ကယ်အနောက်တွင် လိုက်ပါစီးသူများအနေဖြင့် အိတ်များမလွယ်ကြရန် ဆွဲလုခံရသူများက ပြောပြလာသည်။

 

"တံတား(၂)မှာ မီးနီရပ်စောင့်နေတဲ့အချိန် စက္ကန့်(၃၀)လောက်ပဲရှိသေးတယ် အိတ်ဆွဲလုခံရတယ်။ ဖြစ်တာက ည(၇)နာရီကျော်မှာ ဖြစ်တာ။ ဆိုင်ကယ်စီးရင် အိတ်မလွယ်ထားကြပါနဲ့ရှင့်။ တာချီလိတ်မှာ နေကြတဲ့ လူတွေ သတိထားဖို့ အသိပေး ပေးပါ"ဟု လွယ်ထားသည့် အိတ်ဆွဲလုခံရသူ အမျိုးသမီးတစ်ဦးက Tachileik News Agency သို့ ပြောကြားလာသည်။

လုယက်ခံရမှုဖြစ်ပွားသည့် မီးပွိုင့်လမ်းဆုံသည် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့်အနီးဆုံးတွင်ရှိနေရာ လုယက်သူများမှာ အတင့်ရဲစွာ လုယက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အမျိုးသမီးအများစုမှာ အလုပ်သွား၊ အလုပ်ပြန်နှင့် အပြင်ထွက်သွားလာချိန်များ၌ ဆိုင်ကယ်မောင်းသည့်အခါ သို့မဟုတ် ဆိုင်ကယ်အနောက်က လိုက်စီးသည့်အခါတို့တွင် ပိုက်ဆံနှင့်ဖုန်းတို့ ထည့်၍ရသည့် အိတ်များကို လွယ်ထားလေ့ရှိရာ လမ်းကြားများအပြင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တို့တွင် လုယက်ခံရမှုများ မကြာခဏ ဖြစ်ပွားနေခြင်း ဖြစ်သည်။

"ဒီနေ့ နေ့လည်ကလည်း ဘုရင့်နောင်ဈေးရှေ့က ရတနာလမ်းသွယ်မှာလည်း ဖြစ်သွားသေးတယ်။  ဆိုင်ကယ်မောင်းလာတဲ့ ကောင်မလေးရဲ့ အနောက်ကနေ လူနှစ်ယောက်က ဆိုင်ကယ်နဲ့ ကပ်ပြီးမောင်းလာပြီးတော့ လွယ်ထားတဲ့ အိတ်ကို ဆွဲလုယူသွားတာ။ ကောင်မလေးကတော့ ဆိုင်ကယ် မလဲသွားလို့ ကံကောင်းတယ်။ ဆိုင်ကယ်စီးရင်တော့ အိတ်မလွယ်ထားတာ အကောင်းဆုံးပဲ။ အိတ်ကို ရှေ့ ဆိုင်ကယ်ခြင်းထဲ ထည့်ရင်တောင် လှမ်းယူလို့ ရနိုင်တာဆိုတော့ ဆိုင်ကယ်ဖင်ထိုင်ခုံအောက်မှာ ထည့်ထားသင့်တယ်။ "ဟု အနီးဝန်းကျင်နေသူ တစ်ဦးက ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများမှာ ပုံမှန်အတိုင်း နေ့စဉ် ဖြစ်ပွားမြဲ ဖြစ်ပွားနေဆဲဖြစ်သည်။