တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း လာစစ်သည့် အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့

တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း လာစစ်သည့် အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့
ဇူလိုင် 1, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ယနေ့ ဇူလိုင်လ(၁)ရက်နေ့တွင် Covid-19 လာရောက်စစ်ဆေးသည့် အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိ၍ ၎င်းသွားလာခဲ့သည့် နေရာများကို စုံစမ်းပြီး ဆောင်ရွက်သင့်သည်များကို စီစဉ်နေကြောင်း သိရသည်။

Covid-19 ပိုးတွေ့ရသည့် အမျိုးသမီးမှာ အသက်(၂၂)နှစ်အရွယ်ဖြစ်ပြီး ၎င်း၏ လတ်တလောပြောပြချက်အရ ဇွန်လ(၂၆)ရက်နေ့မှ ဇွန်လ(၂၈)ရက်နေ့အထိ သူငယ်ချင်း(၅)ဦးဖြင့်   KTV တစ်ခုသို့ သွားရောက်ခဲ့ကြောင်းသိရသည့်အတွက် မည်သည့် KTV ကို သွားကြောင်းကိုလည်း ဆက်လက်အတည်ပြု စုံစမ်းနေကြောင်း သိရသည်။

၎င်းသည် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ဆင်ငါး​ကောင် အိမ်ခန်းငှားတိုက်တန်းတွင် နေထိုင်သူဖြစ်ကြောင်း   သိရသည်။

KTV အပြင် အခြားသွားရောက်ခဲ့သည့် နေရာများ နှင့် ထိတွေ့သူများကို သက်ဆိုင်ရာက စုံစမ်းနေလျှက်ရှိကြောင်းလည်း သိရသည်။

တာချီလိတ်မြို့တွင် Online Game လောင်းကစား လုပ်ငန်းတွင် လုပ်ကိုင်သည့် ထိုင်းအမျိုးသမီးအပါအဝင် အမျိုးသမီး(၃)ဦးကို ဇွန်လ(၂၈)ရက်နေ့က Covid-19 စတင်တွေ့ရှိခဲ့ပြီး ထိတွေ့သူလည်း (၃၀၀)ကျော်ရှိခဲ့သည့်အပြင် ယနေ့လည်း Covid-19 အတည်ပြုလူနာ (၁)ဦး ထပ်တိုးလာကြောင်း သိရသည်။