ကန်ပက်လက်မြို့တွင် တိုက်ပွဲရက်ဆက်ဖြစ်ပြီး စစ်ကောင်စီတပ် အထိနာ

ကန်ပက်လက်မြို့တွင် တိုက်ပွဲရက်ဆက်ဖြစ်ပြီး စစ်ကောင်စီတပ် အထိနာ

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ဒေသကာကွယ်ရေးတပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ (၄)ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးသွားကြောင်း CDF-Kanpetletထံမှ သိရသည်။

ကန်ပက်လက်ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ၂၀၂၃ခုနှစ် ဇူလိုက်လ (၁၆)ရက်နေ့က စတင်ကာ ယနေ့ ဇူလိုင်လ (၁၉)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ (၁၆)ရက်နေ့က CDF-Kanpetletပါဝင်သည့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီတပ်နှင့် ဆွဲလွဲကျင်းကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၆)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ(၁၈)ရက်နေ့ နံနက်ပိုင်းတွင် ဆွဲလွဲကျင်းနှင့် မဆာတွီကျေးရွာအကြား၌ ထပ်မံတိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး

အပါအဝင် (၅)ဦး သေဆုံးသည်ဟု ဆိုသည်။

ယင်းနေ့နံနက်ပိုင်းတွင်ပင် တိုက်ပွဲထပ်ဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က (၃)ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ် (၅)စီးဖြင့် အကြိမ်(၂၀)ထက်မနည်း မဆာတွီကျေးရွာကို  လေကြောင်းမှ ပစ်ခတ်ခဲ့ခြင်းကြောင့် BCMဘုရားကျောင်း အပါအဝင် လူနေအိမ် (၇)လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယ‌နေ့ ဇူလိုင်လ(၁၉)ရက်နေ့တွင်လည်း မဆာတွီကျေးရွာ အနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်သား (၅)ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဘက်က ရဲဘော် (၃)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency