စစ်ကောင်စီယာဉ်တန်းကို PDFများ တိုက်ခိုက်

စစ်ကောင်စီယာဉ်တန်းကို PDFများ တိုက်ခိုက်

အာဏာသိမ်းစစ်ကောင်စီ၏ စစ်ထောက်ချုပ်လိုက်ပါလာမည်ဟု သတင်းရသော ယာဉ်(၁၀)စီးဝန်းကျင်ပါသည့် ယာဥ်တန်းကို အမြန်လမ်း တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၇)ရက်နေ့ နံနက်ပိုင်းတွင် မိုင်းခွဲပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးမတော် တောင်ငူခရိုင် တပ်ရင်း(၃၅၀၁)၏ အထူးတပ်ဖွဲ့က အမြန်လမ်း မိုင်တိုင်(၁၉၆)မိုင်၊ (၄)ဖာလုံ၌ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်တန်းမှ ယာဉ်(၂) စီးမှာ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိသည်ဟု ပဲခူးတိုင်း PDFထံမှ သိရသည်။

ဇူလိုင်လ (၁)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသကွပ်ကဲရေးရုံးက ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမ၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံ လမ်းပိုင်းများအား နေ့စဉ် ည(၆)နာရီမှ နံနက်(၆)နာရီအတွင်း သွားလာခြင်းမပြုရန်၊ သတ်မှတ်ချိန်အတွင်း သွားလာပါက မော်တော်ယာဉ်များအား မှန်ချ၍ မောင်းနှင်ရန်နှင့် တာဝန်အရ စစ်ဆေးခြင်းအား ကြည်ဖြူစွာလက်ခံရန် သတိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : တောင်ငူခရိုင် PDFတပ်ရင်း ၃၅၀၁၊  အထူးတပ်ဖွဲ့