နမ့်ဆန် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲ ဆရာ၊ ဆရာမ(၅)ဦး ထိမှန်သေဆုံး

နမ့်ဆန် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲ ဆရာ၊ ဆရာမ(၅)ဦး ထိမှန်သေဆုံး
ဇန်နဝါရီ 8, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆရာ၊ ဆရာမ(၅)ဦး ထိမှန်သေဆုံးခဲ့ရကြောင်း TNLAထံမှ သိရသည်။

TNLAက သိမ်းပိုက်ထားသည့် နမ့်ဆန်မြို့ မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် (၂)ကြိမ်၊ ဗုံး(၅)လုံး ကြဲချခဲ့ရာ မြို့သစ်ကျေးရွာစာသင်ကျောင်းနှင့် လူနေအိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ 

ဗုံးကြောင့် စာသင်ကျောင်းအတွင်း TNECကျောင်းဆရာ၊ ဆရာမ လွေးလှာမျံမ်၊ လွေးနန်းဒီတ်၊ လွေးမိုးအေး၊ မိုင်းအမှုန်း၊ မိုင်းယဲထိုည်တို့ (၅)ဦး သေဆုံးခဲ့ပြီး၊ ယာအေနေ၊ ယာအေမို၊ ယာမူ၊ လွေးမျစိန်၊ တာဆိုမြတ်၊ တာကျော်လွန်တို့ (၆)ဦး ဒဏ်ရာပြင်းထန်ရခဲ့ကာ စာသင်ကျောင်းနှင့် လူနေအိမ် (၇)လုံးလည်း ကျည်စထိမှန် ပျက်စီးခဲ့သည်ဟု သိရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ မြို့သစ်ကျေးရွာကို လေကြောင်းမှ ပေါင်(၅၀၀)ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၂)ဦး သေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၂)လုံး မီးလောင်ပျက်စီးပြီး နေအိမ် (၂၃)လုံး ကျည်စထိမှန် ပျက်စီးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News