ဖက်ဒရယ်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲမည်ဟု SSPPထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲမည်ဟု SSPPထုတ်ပြန်

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ဖက်ဒရယ်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲကြိုးပမ်းသွားမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ ၂၀၂၃ခုနှစ် ဗဟိုကော်မတီမျက်နှာစုံညီ (၆)လပတ် အစည်းအဝေးအပြီး ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးသောအရာသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်ရန် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၎င်းဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ဖက်ဒရယ်နှင့် ဒီမိုကကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲကြိုးပမ်းသွားမည်ဖြစ်သည်ဟု ဆိုသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ရင်ဆိုင်ကြုံတွေ့နေရသည့် လက်ရှိ နိုင်ငံရေးအကြပ်အတည်းများကို အဖြေရှာကျော်လွှားနိုင်ရေးနှင့် အနာဂတ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးသည် လူတစ်စု၊ လူမျိုးတမျိုး၏ မူပိုင်အရေးမဟုတ်ဘဲ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးတိုင်း၏ သမိုင်းပေးတာဝန်ဖြစ်သည့်အတွက် စုပေါင်းတာဝန်ယူဖြေရှင်းကြရမည်ဟု ဆိုသည်။

နိုင်ငံရေးမငြိမ်သက်မှု၊ စီးပွားရေးကြပ်တည်းမှု ဂယက်တို့ကြောင့် ဆင်းရဲဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်သူလူထုများ၏ လူနေမှုဘဝ ပြန်လည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းရှာ စီမံဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

အဆိုပါ ဗဟိုကော်မတီမျက်နှာစုံညီ (၆)လပတ် အစည်းအဝေးကို ဇူလိုင်လ(၂)ရက်နေ့မှ (၁၅)ရက်နေ့အထိ SSPPဗဟိုဌာနချုပ်၌ ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းဦးဆောင်မှုအခန်းကဏ္ဌတွင် လူလတ်ခေါင်းဆောင်များ ပါဝင်စေသည့် ပြုပြင်ပြောင်းလဲမှုတချို့ကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : SSPP Info