ရခိုင်ပြည်နယ်တွင်း စစ်ရှုံး၍ ကစဉ့်ကလျား ထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်သားများက လမ်းတစ်လျှောက် ကျေးရွာများရှိ ပြည်သူများကို ဓါးစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားမှုများ ရှိနေ

ရခိုင်ပြည်နယ်တွင်း စစ်ရှုံး၍ ကစဉ့်ကလျား ထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်သားများက လမ်းတစ်လျှောက် ကျေးရွာများရှိ ပြည်သူများကို ဓါးစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားမှုများ ရှိနေ



 

ရခိုင်ပြည်နယ်အတွင်း စခန်းစွန့်ခွာ ထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်သားများမှာ ထွက်ပြေးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုများရှိနေ၍ ဒေသခံပြည်သူများ သွားလာ သတိရှိကြရန် ရက္ခိုင့်တပ်တော်(AA)က ၂၀၂၄ခုနှစ် မတ်လ(၁၀)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

"တိုင်းဗဟို (၉) မှ ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ အပြစ်မဲ့ပြည်သူ (၂၀) ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပြီး အဆိုပါဓားစာခံများကို မိမိတို့ ရက္ခိုင့်တပ်တော်မှ ကယ်တင်နိုင်ခဲ့သည်။"ဟု အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓားစာခံများကို ဦးဆောင် ခေါ်ယူဆောင်သွားသည့် တိုင်းဗဟို (၉) အုပ်ချုပ်ရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း နှင့် အခြားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာတို့ကို မတ်လ (၈) ရက်၊ နံနက် (၆) နာရီ (၃၀) မိနစ်ခန့်တွင် အသေဖမ်းဆီးရမိကြောင်းလည်း သိရသည်။

ကျောက်တော်၊ တပ်မဌာနချုပ် နှင့် မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်း (အမှတ် (၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း) အပါအဝင် အခြားသောနေရာများမှ စစ်ရှုံးပြီး ထွက်ပြေးကာ လွတ်မြောက်ရန်ကြိုးစားနေကြသည့် စစ်ကောင်စီတပ်သာများထဲက အချို့ကို နေ့စဉ်နှင့်အမျှ အရှင် ဖမ်းဆီးရမိနေလျှက်ရှိကြောင်း သိရသည်။

အရှင်ဖမ်းဆီးရမိသည့် စစ်သုံံ့ပန်းများကို ရက္ခိုင့်တပ်တော်(AA)က ကောင်းမွန်စွာ ထားရှိသည်ဟုလည်း သိရသည်။

ရက္ခိုင့်တပ်တော်(AA)သည် ၎င်းတို့ သတ်မှတ်ထားသည့် စစ်ဆင်ရေး ပစ်မှတ်ကြီးများကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်နေလျှက်ရှိပြီး စစ်ရှုံးကာ ကစဉ့်ကလျားဖြင့် ခြေဦးတည့်ရာဆီသို့ လွတ်မြောက်ရန်ကြိုးစားနေကြသောကြောင့် ပြန့်ကြဲ ထွက်ပြေးနေကြသော စစ်ကောင်စီတပ်သားများကို တစ်ယောက်မကျန် ဖမ်းဆီးရမိရေး လိုက်လံကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ 

လက်ရှိတွင် စစ်ရှုံး၍ ကစဉ့်ကလျားဖြင့် ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောတောင်များထဲတွင် အုပ်စုငယ်များ အနေနှင့်သော် လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်သော် လည်းကောင်း ရှိနေသည့်အတွက် မိဘပြည်သူများအနေဖြင့် နေ့၊ ည သွားလာသောအချိန်များတွင် သတိထားသွားလာကြရန်၊ လုံခြုံရေးသတိ ထားကြရန်လည်း အသိပေးထားရှိသည်။

 ရခိုင်ပြည်နယ်အတွင်းမှ စစ်ကောင်စီတပ်သားများအနေဖြင့် မိမိအသက်နှင့် လက်အောက်ငယ်သားများ၏  အသက်ကို ငှဲ့ကာ အလံဖြူထောင်ပြီး လက်နက်ချကာ အညံ့ခံရန် ဆက်လက် အသိပေးထားသည်။