လွိုင်ကော်မြို့အဝင်တွင် စစ်ကောင်စီယာဉ်တန်း ပစ်ခံရပြီးနောက် လက်နက်ကြီးဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ရာ အရပ်သားနှစ်ဦး သေဆုံး

လွိုင်ကော်မြို့အဝင်တွင် စစ်ကောင်စီယာဉ်တန်း ပစ်ခံရပြီးနောက် လက်နက်ကြီးဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ရာ အရပ်သားနှစ်ဦး သေဆုံး
ဇူလိုင် 11, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အဝင်တွင် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျည်ကြောင့် အရပ်သား (၂)ဦး သေကာ တစ်ဦးဒဏ်ရာရကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့အဝင်တွင် ကား(၁၅)စီးပါသည့် စစ်ကောင်စီတပ်၏ ယာဥ်တန်းကို ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်ခဲ့ရာ အထိနာသွားသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ပစ်ခတ်ခြင်းကြောင့် ကုန်းသာကျေးရွာမှ အရပ်သားတစ်ဦး၊ နွားလဝိုးကျေးရွာမှ အရပ်သားတစ်ဦးတို့ သေဆုံးပြီး ကယန်းသာယာကျေးရွာမှ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာကာ နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ရသည်ဟု Karenni Generation Youthထံမှ သိရသည်။

လက်ရှိတွင် ပြည်သူများအနေဖြင့် လွိုင်ကော်-မိုးဗြဲလမ်း၊ လွိုင်ကော်-ဆီဆိုင်လမ်းနှင့် လွိုင်ကော်-ဖယ်ခုံလမ်းပိုင်းတို့ကို အသုံးပြု သွားလာခြင်း မပြုကြရန် ဒေသကာကွယ်ရေးတပ်များက သတိပေးထားသည်။

#TachileikNewsAgency