စစ်ကောင်စီတပ်နှင့် TNLAတို့ မိုင်ငေါ့မြို့နယ်တွင် တိုက်ပွဲဖြစ် 

စစ်ကောင်စီတပ်နှင့် TNLAတို့ မိုင်ငေါ့မြို့နယ်တွင် တိုက်ပွဲဖြစ် 
ဇူလိုင် 11, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်ငေါ့မြို့နှင့် နမ့်တွေကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်(TNLA)တို့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့က တိုက်ပွဲပြန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ခလရ(၂၅၇)တပ်သည် အင်းအား (၇၀)ဝန်းကျင်ဖြင့် မိုင်ငေါ့မှ နမ့်တွေဘက်သို့ စစ်ကြောင်းထိုးလာရာက ဇူလိုင်လ (၁၀)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ နေ့လည်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA) တည်ရှိရာသို့ နယ်မြေကျူးကျော် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု TNLAဘက်က ယနေ့ ဇူလိုင်လ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲအတွင်း ကျောက်မဲမှ နမ့်တွေရွာဘက်သို့ ဆိုင်ကယ်နှင့်ပြန်လာသည့် ဒေသခံလင်မယား(၂)ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နှစ်ဖက်လုံး စောင့်ကြည့်နေရသည့် အခြေအနေဖြစ်ပြီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှု များပြားခဲ့သည်ဟု သိရသည်။

ညီနောင်မဟာမိတ်များဖြစ်သည့် ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)နှင့် ရခိုင်တပ်တော် (AA)တို့သည် ပြီးခဲ့သည့် ဇွန်လ(၁)ရက်နေ့က စစ်ကောင်စီနှင့် ရှမ်းပြည်နယ်အရှေ့ ပိုင်း မိုင်းလားမြို့တွင် (၂)ရက်ကြာတွေ့ဆုံခဲ့ပြီးသော်လည်း သဘောတူညီမှု တစ်စုံတစ်ရာ မရရှိဘဲ ဆွေးနွေးပွဲ ရပ်တန့်သွားခဲ့သည်။

#TachileikNewsAgency