ကွတ်ခိုင်နှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်များတိုက်ပွဲဖြစ်

ကွတ်ခိုင်နှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်များတိုက်ပွဲဖြစ်
ဇန်နဝါရီ 6, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ပူးပေါင်းတပ်တို့ ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း TNLAထံမှ သိရသည်။

ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို TNLAက တိုက်ခိုက်နေရာ စစ်ကောင်စီတပ်က ကွတ်ခိုင်ဗျူဟာကုန်းစခန်းသို့ ထောက်ပို့လေယာဥ် Y12 ဖြင့်တစ်ကြိမ် လက်နက်ခဲယမ်းများ လာရောက်ပို့ပေးခဲ့သည်ဟု သိရသည်။

နောင်ချိုမြို့နယ် ကျောက်မဲလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAပူးပေါင်း MDY PDFတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး နောင်ချိုမြို့နယ် စစ်ကောင်စီတပ်မှ သုံးဆယ်ကျေးရွာကိုလည်း လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

နောင်ချိုမြို့နယ် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ Mi35ဖြင့် (၂)ကြိမ်၊ Jet Fighterဖြင့် (၂)ကြိမ်၊ လွယ်ဆိုင်တောင်အနီးတဝိုက်သို့ Jet Fighterဖြင့် (၄)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ် (၆၈)ဂိတ်တပ်မှလည်း ပန်ဖတ်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၁၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

TNLA သိမ်းပိုက်ထားသည့် နမ္မတူမြို့နယ် ကုန်းဆာကျေးရွာသစ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ မန်ဆာကျေးရွာဒေသခံတစ်ဦးနှင့် TNLAရဲဘော်တစ်ဦးတို့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် နေအိမ် (၁၄)လုံး ကျည်စထိမှန် ပျက်စီးပြီး နေအိမ် (၅)လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency