ဟိုပန်မြို့ရှိ စစ်ကောင်စီတပ်ကို မဟာမိတ်တပ်များတိုက်ခိုက်

ဟိုပန်မြို့ရှိ စစ်ကောင်စီတပ်ကို မဟာမိတ်တပ်များတိုက်ခိုက်
ဇန်နဝါရီ 5, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်မြို့ရှိ စစ်ကောင်စီစခန်းကို ညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့ နံနက်ပိုင်းကစတင်ကာ တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

လက်ရှိတွင် ဟိုပန်မြို့တွင်းကို မဟာမိတ်တပ်များ ဝင်ရောက်စိုးမိုးထားပြီဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း မြို့တွင်းကို လက်နက်ကြီးနှင့် ပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

"မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပြီးတော့မကြာဘူး မြို့ပေါ်မှာ မဟာမိတ်တပ်တွေ ရောက်လာတာပဲ။ တိုက်ပွဲက ဆက်ဖြစ်နေတယ်။ ဒေသခံတွေလည်း အပြင်မထွက်ရဲကြဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ဟိုပန်မြို့သည် MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော်နှင့် ကွမ်းလုံမြို့ကြားတွင် ရှိနေပြီး "ဝ"ဒေသတွင်လည်း ပါဝင်နေသည့်မြို့ဖြစ်သည်။

#TachileikNewsAgency