မြန်မာ-ထိုင်းနယ်စပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄၀ ကျော် ထိုင်းဖက်ထွက်ပြေးသဖြင့် ထိုင်းစစ်တပ်က ဖမ်းဆီးထား

မြန်မာ-ထိုင်းနယ်စပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄၀ ကျော် ထိုင်းဖက်ထွက်ပြေးသဖြင့် ထိုင်းစစ်တပ်က ဖမ်းဆီးထား

မြန်မာ-ထိုင်းနယ်စပ် မယ်သရောခီးတပ်စခန်းမှ စစ်ကောင်စီတပ်သားများကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၄၀)ကျော် ထိုင်းနိုင်ငံ၊ ပိုင်ခလိုင်နယ်စပ်သို့ ထွက်ပြေးသဖြင့် ထိုင်းစစ်တပ်က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ 

ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်နိမိတ်ရှိ ပန်ခလန်ရွာဟောင်းတွင် စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၄၈)ဦးသည် ထိုင်းနိုင်ငံ၊ ပိုင်ခလိုင်နယ်စပ်သို့ ထွက်ပြေးသွားခြင်းဖြစ်သည်။

"ဒီမနက်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိုင်းဘက်ကို ထွက်ပြေးတာ။ ထိုင်းစစ်တပ်က သူတို့ကိုဖမ်းပြီး လက်နက်‌တွေသိမ်းလိုက်တယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၇) ရက်နေ့မှစ၍ ကျိုက်ဒုံဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မတ်လ(၁၄) ရက်နေ့တွင် စခန်းအား အပြီးသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး၊ G2၊  G3 အဆင့်များအပါအဝင် စစ်ကောင်စီတပ်သား (၆၆)ဦး လက်နက်ချအညံ့ခံခဲ့သည်။ 

ထို့အပြင် စစ်ကောင်စီတပ်ထံမှ RPG၊ ပွိုင့် 5၊ ငါးကြင်းမြှီး စက်သေနတ်အပါအဝင် လက်နက်ငယ်ပေါင်း (၈၆)လက်၊ ၆၀ မမ(၄)လက်၊ ၈၁ မမ (၂)လက်၊ ၁၂၀ မမ (၁)လက်၊ Drone Gun (၂)လက်၊ ခဲယမ်းကျည်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency