တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးနှင့် ခိုးရာပါ ဆိုင်ကယ်လက်ခံ ရောင်းချပေးသည့် ဝယ်ရောင်း အပါအဝင် (၉)ဦးကို ဆိုင်ကယ် (၁၉)စီး နှင့်အတူ ဖမ်းမိ၊ ဆိုင်ကယ်များကို မြို့မရဲစခန်းတွင် လာကြည့်နိုင်

တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးနှင့် ခိုးရာပါ ဆိုင်ကယ်လက်ခံ ရောင်းချပေးသည့် ဝယ်ရောင်း အပါအဝင် (၉)ဦးကို ဆိုင်ကယ် (၁၉)စီး နှင့်အတူ ဖမ်းမိ၊ ဆိုင်ကယ်များကို မြို့မရဲစခန်းတွင် လာကြည့်နိုင်

ဆိုင်ကယ်ခိုးမှုများနှင့် ဆိုင်ကယ် လုယက်မှုများ နေ့စဉ် ဖြစ်ပွားနေသည့် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးများနှင့် ခိုးရာပါ ဆိုင်ကယ် လက်ခံပြီး ဝယ်ရောင်းပြုလုပ်ပေးနေသူများကို ဆိုင်ကယ် (၁၉)စီးနှင့်အတူ တာချီလိတ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သိရသည်။



ဆိုင်ကယ်ခိုးမှုနှင့် ဆိုင်ကယ် လုယက်မှုများ ကျူးလွန်သည့် ခိုင်မင်းထွန်း၊ အောင်မျိုးထွန်း၊ မင်းခန့်ကျော်၊ ဥာဏ်လင်းထွန်း(ခ)အဝါကောင်၊ ရီဝေယံ(ခ)ဝဲလီနှင့် ကိုကိုအောင် တို့ ပါဝင်သည့် (၆)ဦး နှင့် သူခိုးလက်ခံအဖြစ် ပြန်လည်ဝယ်ယူ ရောင်းချသူများဖြစ်သည့် ဇော်သိန်း၊ စိုင်းဆတ် နှင့် စိုင်းပြည့်ဖြိုးအောင်တို့ (၃)ဦး အပါအဝင် စုစုပေါင်း (၉)ဦးကို စစ်ဆေးမှုများ ပြုလုပ်ရာက ဆိုင်ကယ် (၁၉)စီး ဖော်ထုတ်ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့အား ဖမ်းဆီးရမိပုံမှာ လွန်ခဲ့သည့် (၁)လကျော်ဖြစ်သည့် မေလအတွင်းက လွယ်စတုံသွားလမ်းဘေးရှိ ပုံလို့ဘုန်းကြီးကျောင်းဝန်းအတွင်း၌ ပညာရေးဝန်ထမ်းတစ်ဦး ဓါးထောက်ပြီး ဆိုင်ကယ် လုယက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှုဖွင့်တိုင်ကြားလာရာမှ တဆင့် ၂၀၂၃ခုနှစ် ဇူလိုင်လ၏ ပထမပတ်အတွင်း၌ ဖော်ထုတ် ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု တာချီလိတ်ရဲတပ်ဖွဲ့က ဆိုသည်။

ဖမ်းဆီးရမိထားသည့် ဆိုင်ကယ် သူခိုးများကို ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် ဆိုင်ကယ်များကို မြို့ပေါ်ရပ်ကွက်များတွင် ခိုးယူ လုယက်ခြင်းဖြစ်ပြီး၊ ခိုးလာသည့် ဆိုင်ကယ်များကို လက်ခံ ရောင်းချပေးနေသည့် ဆိုင်ကယ် အရောင်းအဝယ်ပြုလုပ်သူများထံ ရောင်းချခြင်းဖြစ်ကြောင်း ထွက်ဆို၍ သူခိုးလက်ခံ ဆိုင်ကယ်ဝယ်ရောင်း (၃)ဦးကိုပါ တဆက်တည်း ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ခိုးရာပါ ပစ္စည်း လက်ခံပြီး ဝယ်ရောင်း ပြုလုပ်နေသည့် (၃)ဦးကို ဇူလိုင်လ(၈)ရက်နေ့က အမှုဖွင့်ထားကြောင်း သိရသည်။



"တာချီလိတ်က ဆိုင်ကယ် ဝယ်ရောင်း လုပ်တဲ့ တစ်ဝက်နီးပါးက သူခိုးလက်ခံတွေများတယ်။ ကျွန်တော့်ဆိုင်ကယ်တုန်းကလည်း ဝယ်ရောင်းတစ်ယောက် facebook ပေါ်မှာ တင်ရောင်းနေတာတွေ့လို့ အထောက်အထားတွေ ပြပြီး ပြန်ယူလာရတယ်။ တာချီလိတ်မှာ ဆိုင်ကယ် ခိုးခံရတာဖြစ်ဖြစ် လုခံရတာဖြစ်ဖြစ် ဝယ်ရောင်းတွေနားမှာလည်း သွားရှာသင့်တယ်။ သူခိုးတွေနဲ့ ဝယ်ရောင်းတွေက တကယ့် ချိတ်တွေ"ဟု ဆိုင်ကယ်ခိုးခံခဲ့ရဖူးပြီး ဝယ်ရောင်းထံက ပြန်လည် ရရှိလာသူ အမျိုးသားတစ်ဦးက Tachileik News Agency ကို ပြောပြသည်။



ယခု ပြန်လည် သိမ်းဆည်းရရှိသည့် ဆိုင်ကယ်(၁၉)စီးနှင့် ပတ်သက်ပြီး ပိုင်ရှင်များအနေဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် မိမိတို့ ဆိုင်ကယ် ဟုတ် မဟုတ် လာရောက်ကြည့်ရှုပြီး ဟုတ်မှန်ပါက လိုင်စင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆိုင်ကယ်ပိုင်ဆိုင်ကြောင်း တစ်စုံတစ်ရာ သက်သေနှင့်တကွ ပြသပြီး လာရောက် ထုတ်ယူနိုင်ကြောင်း တာချီလိတ်ရဲတပ်ဖွဲ့က အသိပေးထားသည်။

ပြန်လည်သိမ်းဆည်းရရှိထားသည့် ဆိုင်ကယ် (၁၉)စီးကို မိမိတို့ ဆိုင်ကယ် ဟုတ် မဟုတ် လာရောက်ကြည့်သူများကို ရဲတပ်ဖွဲ့ဝင်များ ကောင်းမွန်စွာ ဆက်ဆံခြင်းမရှိ သည်ဖြစ်စေ၊ တာချီလိတ်မြို့မရဲစခန်းက ငွေကြေး တောင်းခံမှုများ ပြုလုပ်သည်ဖြစ်စေ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဇော်လင်းအောင် ၏ ဖုန်း 09440268441 သို့  တိုက်ရိုက်ဆက်သွယ် တိုင်ကြားနိုင်ကြောင်း  အသိပေးထားရှိသည်။

"အခုလို ဖမ်းပေးတာကောင်းတယ်။ အပြင်မှာ အများကြီးကျန်သေးတယ်။ အခုနောက်ပိုင်း အုပ်စုလိုက်နဲ့ ပတ်သွားပြီး တွေ့သမျှ ဆိုင်ကယ် ခိုးနေတာ။ ပြောရရင် ခိုးတာထက် ဓါးထောက်လုတာက ပိုများလာတယ်။ ဒါနဲ့ ရဲတပ်ဖွဲ့အနေနဲ့  နိုင်ငံရေးလုပ်သူကိုတော့ မတိုင်လည်း ဖမ်းတယ်။ အဲ့လိုပဲ ဆိုင်ကယ် သူခိုးကိုလည်း အမှုလာမဖွင့်လည်း ကြားသိတာနဲ့တင် ဖမ်းပေးစေချင်တယ်။ ဆိုင်ကယ် ခိုးတဲ့ လုတဲ့အဖွဲ့တွေကို နိမ်နှင်းနိုင်လေလေ ရဲတပ်ဖွဲ့ နာမည်ရလေလေ မဟုတ်လား။"ဟု မြို့ခံ တစ်ဦးက ပြောသည်။



တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးခံရမှု နှင့် လုယက်ခံရမှုများ ကြုံတွေ့ရပါက တာချီလိတ်မြို့မရဲစခန်း၏ စခန်းမှူး ဒုရဲမှူး ကျော်ကျော်ဦး၏ ဖုန်း 0943045944 နှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဝင်းလှိုင်၏ ဖုန်း 09421002558 သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းနှင့် ၎င်းတို့က မြန်မြန်ဆန်ဆန် ကူညီဆောင်ရွက်ပေးခြင်းမရှိပါက တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဇော်လင်းအောင်၏ ဖုန်း 09440268441 သို့  ဆက်သွယ် တိုင်ကြားနိုင်ကြောင်း  တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။