တာချီလိတ်မြို့တွင် မတ်လ(၂၉)ရက်နေ့က ဖမ်းခံရထားရသည့် လူငယ်များကို စစ်တပ်က စစ်ကြောရေး ပြုလုပ်နေ

တာချီလိတ်မြို့တွင် မတ်လ(၂၉)ရက်နေ့က ဖမ်းခံရထားရသည့် လူငယ်များကို စစ်တပ်က စစ်ကြောရေး ပြုလုပ်နေ
မတ် 30, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် မတ်လ(၂၉)ရက်နေ့က ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံရသည့် လူငယ်(၅)ဦးမှ (၁၀)ဦးဝန်းကျင်အထိ ရှိနေပြီး ရဲစခန်းမှ တဆင့် စစ်တပ်က ခေါ်ယူကာ မတ်လ(၃၀)ရက်နေ့ ညပိုင်းအထိ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း  သတင်းရင်းမြစ်များထံက သိရသည်။

 မတ်လ(၂၉)ရက်နေ့က ဖမ်းဆီးခံရသူများမှာ ဘေးပတ်ဝန်းကျင်များ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရသည်ဟု သိရသည်။

 မတ်(၂၉)ရက်နေ့ ညပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် မသက်ဆိုင်ဘဲ မြို့တွင်းထွက်၍ သီးခြား ဖမ်းခံရသူများရှိသော်လည်း ၎င်းတို့ကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

လတ်တလောတွင်  လူငယ်များ မတ်လ(၂၉)ရက်နေ့က ဖမ်းဆီးခံရမှု ရှိနေသော်လည်း လူဦးရေ နှင့် မည်သူဆိုသည်ကိုတော့ ရဲတပ်ဖွဲ့က အတိအကျထုတ်ဖော်ပြောကြားထားခြင်းမရှိသေးဘဲ တာချီလိတ်တပ်နယ်တွင်းရှိ နေရာများ၌ ခွဲ၍ ကွင်းဆက်များ ဖော်ထုတ်ရမိရေးအတွက် စစ်ကြောရေးများ  လုပ်ဆောင်နေသည်ဟု သိရသည်။

တာချီလိတ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးကာလအတွင်း ဖမ်းဆီးခံရသူအများစုကို ကျိုင်းတုံထောင်သို့ ပို့ဆောင်ထားပြီး မိသားစုဝင်များနှင့်လည်း ပေးတွေ့ခြင်းများမရှိကြောင်း သိရသည်။