တာလေမြို့တွင် (၉)ရက်အကြာ ပျောက်နေသည့် လသားအရွယ် ကလေးငယ်အား သေဆုံးလျက်ဖြင့် လယ်အနီးမှ ပြန်တွေ့

တာလေမြို့တွင် (၉)ရက်အကြာ ပျောက်နေသည့် လသားအရွယ် ကလေးငယ်အား သေဆုံးလျက်ဖြင့် လယ်အနီးမှ ပြန်တွေ့
ဇန်နဝါရီ 16, 2020
By Tachileik News Agency

တာလေမြို့တွင် (၉)ရက်အကြာ ပျောက်နေသည့် လသားအရွယ် ကလေးငယ်အား သေဆုံးလျက်ဖြင့် လယ်အနီးမှ ပြန်တွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၊ တောင်သုံးလုံးအောက်ရွာတွင် (၅)လသားအရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးသွားပြီး (၉) ရက်အကြာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့ ညနေပိုင်းတွင် ကျေးရွာအနီးလယ်တောမှ ပြန်တွေ့ရပြီး ကလေးအားခေါ်ဆောင်သွားသူကို ရဲတပ်ဖွဲ့က စုံစမ်းဖေါ်ထုတ်နေဆဲ ဖြစ်ကြောင်း သိရသည်။

“ကလေးအလောင်းကို မနေ့က ည (၁၂)နာရီလောက်မှ သယ်လာရတယ်။ ကလေးအလောင်းကို လိုက်သယ်ပေးဖို့ ည(၉)နာရီခွဲလောက်မှာ ဖုန်းဆက်လာတော့ ကျွန်တော်တို့လည်း ရဲတပ်ဖွဲ့နဲ့အတူတူပဲ အခင်းဖြစ်နေရာရောက်တယ်။ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာ သံသယဖြစ်စရာရှာဖွေပြီးတော့ ကျွန်တော်တို့က အလောင်းသယ်ပေးတာပေါ့။ လယ်ကွင်းဘေး ကိုင်းပင်တွေထဲမှာ ကလေးကို သစ်ရွက်ကလေးတွေနဲ့ ဖုံးပေးထားတယ်။ ကလေးလေးက နို့စို့အရွယ်လေးဆိုတော့ နို့မစို့ရလို့များ သေသွားလားမသိဘူး။ အဲဒီမှာ ကလေးမိဘတွေကတော့ ငိုလိုက်ကြတာ ကျွန်တော်တို့လည်း တော်တော်စိတ်မကောင်းဖြစ်ရတယ်။ ပျောက်ကတည်းက အဲဒီနား အနီးဝန်းကျင်မှာလည်း ရှာကြတယ် ပြောတယ်။ နောက်ရက်တွေလည်း ဝိုင်းကူရှာပေးကြတယ်။ ရဲစခန်းလည်း တိုင်ထားတယ်ပြောတယ်။ အခုတော့ ကလေးအလောင်းကို တာလေဆေးရုံကနေ ရွာပြန်သယ်ပေးဖို့ လုပ်နေပါတယ်”

ဟု အခင်းဖြစ်နေရာမှ ကလေးအလောင်းအား တာလေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားသည့် တာလေမြို့အခြေစိုက် လောကပါလ ပရဟိတ လူမှုကူညီရေးအသင်းမှ ဦးငြိမ်းသောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကလေးငယ်မှာ ဇန်နဝါရီလ (၆)ရက်နေ့ ညက ဖခင်ဖြစ်သူနှင့်အတူ နေအိမ်တွင် အိပ်ပျော်နေစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး မိခင်ဖြစ်သူမှာ ရွာဘုရားကျောင်းရှိ ဆွေးနွေးပွဲတက်နေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကလေးငယ်သေဆုံးရခြင်းအကြောင်းရင်းကို တာလေပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံတွင် စစ်ဆေးထားပြီး ရဲတပ်ဖွဲ့က အမှုကို စုံစမ်းဖေါ်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -  လောကပါလ ပရဟိတ လူမှုကူညီရေးအသင်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~