ပြည်ပရင်းနှီးမြှုပ်နှံမှုမရှိတော့သဖြင့် စစ်ကောင်စီသည် UMFCCIနှင့်ပေါင်းကာ ကိုရီးယားလုပ်ငန်းရှင်များကို လာရောက်ရင်းနှီးမြှုပ်နှံရန် စည်းရုံးနေ

ပြည်ပရင်းနှီးမြှုပ်နှံမှုမရှိတော့သဖြင့် စစ်ကောင်စီသည် UMFCCIနှင့်ပေါင်းကာ ကိုရီးယားလုပ်ငန်းရှင်များကို လာရောက်ရင်းနှီးမြှုပ်နှံရန် စည်းရုံးနေ
ဇူလိုင် 7, 2023 | 2021 Military Coup| စီးပွားရေး

အာဏာသိမ်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမရှိတော့သည့် စစ်ကောင်စီသည် တောင်ကိုရီးယားလုပ်ငန်းရှင်များအား လာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် ရင်းနှီးမြှုပ်နှံပါက လိုအပ်သည်များကို ပံ့ပိုးပေးမည်ဟု ပြောဆို၍ စည်းရုံးနေကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီခန့် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးသန့်စင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဥက္ကဌ၊ ဒုဥက္ကဌများနှင့်အတူ တောင်ကိုရီးယားလုပ်ငန်းရှင်များအား ယင်းသို့ပြောဆို စည်းရုံးနေခြင်းဖြစ်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၎င်းတို့၏ထုတ်ပြန်ချက်တွင် ဇူလိုင်လ (၆)ရက်နေ့က စစ်ကောင်စီသည် ကိုရီးယားသမ္မတနိုင်ငံနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေးအတွက် သံအမတ်ကြီး ဦးသန့်စင်၊ UMFCCIဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူနှင့် ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်းတို့ ဆိုးလ်မြို့ရှိ Pankoကုမ္ပဏီရုံးချုပ်သို့ သွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါ Pankoကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံတွင် အထည်ချုပ်စက်ရုံ၊ ချည်ထည်ယက်လုပ်သည့်စက်ရုံနှင့် ဆိုးဆေးစက်ရုံများ တည်ထောင်ထားရှိပြီး မြန်မာနိုင်ငံတွင် အလုပ်သမား(၂၄၀၀)ကျော်ဖြင့် အထည်ချုပ်စက်ရုံတစ်ရုံ တည်ထောင်ထားရှိရာ ထပ်မံရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်စေလိုကြောင်းနှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း ဖိတ်ခေါ်ခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်သည်။

ထို့နောက် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် Korea Importers Association(KOIMA) ဥက္ကဋ္ဌ  Mr. Kim Byung-kwanနှင့် တွေ့ဆုံကာ ကိုရီးယားနိုင်ငံသို့ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များနှင့် ရေထွက်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးရာတွင် မြန်မာနိုင်ငံမှ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် KOIMAမှ နှစ်စဉ် ကျင်းပပြုလုပ်သော Korea Import Fairတွင် မြန်မာနိုင်ငံမှ ကုန်စည်များ ပါဝင်ပြသသွားရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်သွားရေး ကိစ္စတို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အထည်အချုပ်လုပ်ငန်းတွင် နာမည်ကြီးအမှတ်တံဆိပ်များ၊ စားသောက်ကုန်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ စွမ်းအင်လုပ်ငန်းများမှာ မြန်မာပြည်တွင်းမှ ထွက်ခွါသွားပြီဖြစ်သည်။

ဒါ့အပြင် အမေရိကန်နိုင်ငံက စစ်ကောင်စီ၏ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဌာနက ဇွန်လ ၂၁ ရက်တွင် ကြေညာခဲ့ပြီးနောက် နိုင်ငံခြားငွေရရှိရန် ခက်ခဲလာသည့် စစ်ကောင်စီသည် ယင်းသို့ သွားရောက်စည်းရုံးနေခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက Tachileik News Agencyကို မှတ်ချက်ပြု ပြောဆိုသည်။

#TachileikNewsAgency

Photo : Ministry of Foregin Affairs Myanmar