ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လူမှုကွန်ယက်တွင် ဆုတောင်းစကား ပြောဆိုသူတချို့ ဖမ်းဆီးခံရ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လူမှုကွန်ယက်တွင် ဆုတောင်းစကား ပြောဆိုသူတချို့ ဖမ်းဆီးခံရ

ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်မြောက်မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးကြသည့် ရန်ကုန်နှင့် မန္တလေးမြို့မှ လူငယ်တချို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးခြင်းများပြုလုပ်နေကြောင်း သိရသည်။

၎င်းတို့ကို စစ်ကောင်စီဝါဒဖြန့် ဟန်ငြိမ်းဦးအမည်ရှိ တယ်လီဂရမ်ချန်နယ်မှ တင်ပြီးမကြာမီတွင်ပင် စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရန်ကုန်တိုင်း တာမွေမြို့နယ် ဗညားဒလလမ်းရှိ ဆေးဆိုင်တစ်ခုမှ ဝန်ထမ်းအမျိုးသားတစ်ဦးကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် လူမှုကွန်ယက်ပေါ်တွင် ဆုတာင်းစကားတင်သည်ဟုဆိုကာ  နာရီပိုင်းအတွင်း စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့သည်။

မန္တလေးမြို့တွင်လည်း လူငယ်အမျိုးသမီးတစ်ဦးကို လူမှုကွန်ယက်စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့တောင်းစကားတင်ခြင်းကြောင့်ဟုဆိုကာ လာရောက်ဖမ်းဆီးသွားခဲ့သေးသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဆုတောင်းစကား လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားသူများကိုလည်း ဟန်ငြိမ်းဦး အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဖမ်းဆီးခိုင်းခြင်းများရှိနေကာ ယင်းအထဲတွင် သရုပ်ဆောင် အလင်းရောင်နှင့် မိုးပြည့်ပြည့်မောင်တို့လည်း ပါဝင်လာသည်။

ထို့အပြင် စစ်ကိုင်းတိုင်း ကလေးမြို့တွင်လည်း ပန်းပန်ထားသည့်အမျိုးသမီး များကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်းများရှိသည်ဟု သိရသည်။

ယနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်မြောက်မွေးနေ့အဖြစ် တစ်နိုင်ငံလုံးတွင် ပန်းသပိတ်များပြုလုပ်၍ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေခြင်းဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဒီမိုကရေစီအား တန်ဖိုးထားကာ ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု အကြိမ်ကြိမ်ပြောဆိုနေသော်လည်း ပြည်သူများ၏ လွတ်လပ်စွာပြောဆိုမှုကိုမူ ပိတ်ပင်၍ဖမ်းဆီးလျက်ရှိသည်။

#TachileikNewsAgency